ရခိုင်ရိုးမနဲ့နီးတဲ့ ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ စစ်ကြောင်းထိုး တပ်စွဲတာရှိနေ

RFA Burmese
2023.12.26
ရခိုင်ရိုးမနဲ့နီးတဲ့ ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ စစ်ကြောင်းထိုး တပ်စွဲတာရှိနေ ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတစ်နေရာအား တွေ့ရစဥ်။
MPA

ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်းက မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရှိနေတယ်ဆိုပြီး ဒီဇင်ဘာလ တတိယပတ်ကစကာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာနဲ့ ရွာတွေမှာတပ်စွဲတာတွေ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ငပုတောမြို့နယ်နဲ့ သာပေါင်းမြို့နယ်တွေမှာ (PDF) တွေ ဝင်ရောက်တပ်စွဲနေတယ်ဆိုပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

မြန်အောင်နဲ့ ကြံခင်းမြို့နယ်မှာတော့ ဒီရက်ပိုင်း စစ်ကြောင်းထိုးတာနဲ့ တပ်စွဲတာတွေ ပိုလုပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဓိကကတော့ မြန်အောင်၊ ကြံခင်းဘက်မှာ တပ်စွဲမှုတွေရှိတယ်။ ခမရ (၅၁) အပြင်ကို ကျန်တဲ့ တခြား ပုသိမ်ဘက်က တပ်ရင်းတချို့တွေလည်း ပို့ထားပြီးတော့ ဆိတ်သာရွာမှာ တပ်စွဲထားတာတွေလည်း ရှိပါတယ်"

စစ်ကြောင်းတစ်ကြောင်းကို အင်အား (၂၅) ဦးခန့် ပါဝင်ပြီး အနည်းဆုံး စစ်ကြောင်းသုံးကြောင်းလောက် ပေါင်းလာတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးချိန်မှာ စစ်ကောင်စီတပ်သားတွေဟာ မသင်္ကာတဲ့ နေအိမ်တွေတွေ့ရင် ဝင်ရောက်စီးနင်းတာနဲ့ ဖမ်းဆီးတာတွေပါ လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေဟာ တောင်ယာလုပ်ငန်းတွေကိုပစ်ပြီး ဘေးလွတ်ရာ တိမ်းရှောင်ရနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်အောင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကြောင်းထိုးတဲ့အခါကျတော့ လက်ရှိ တောင်ယာလုပ်နေတဲ့သူတွေဆိုရင် လုပ်နေတဲ့ဟာတွေကို ဒီအတိုင်း ပစ်ထားခဲ့ပြီးတော့ သူတို့နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ နေရာတွေကို ရှောင်ပေါ့။ ရှောင်တယ်ဆိုတာက ပြေးနိုင်တဲ့သူဆို အကြောင်းမဟုတ်ဘူး။ မပြေးနိုင်တဲ့သူကျတော့ သူတို့ ကြုံရာကို ထွက်လုပ်ပေါ့။ လုပ်လို့မရတော့လည်း သူတို့ နှစ်နပ်ကို တစ်နပ်ပေါင်းစားပေါ့ဗျာ။ ဒီလိုတော့ ရှိကြတာပေါ့"

ဒီဇင်ဘာ ဒုတိယပတ်အတွင်းမှာ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲ ဆင်မလိုက်ရွာနဲ့ ရွာသာယာရွာအနီးက ရိုးမတောမှာ မျှစ်ချိုး၊ ဝါးခုတ်နဲ့ မီးသွေးဖုတ်လုပ်ငန်းလုပ်နေတဲ့ ဒေသခံ နှစ်ဦးကို စစ်ကောင်စီတပ်သား အင်အား နှစ်ဆယ်ခန့်က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်သေးဘူးလို့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ရခိုင်မှာ တိုက်ပွဲစဖြစ်ချိန် ရခိုင်ရိုးမနဲ့နီးတဲ့ ဧရာဝတီတိုင်းက သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်က ရွာအချို့ကို ခမရ (၁၀၈)၊ ခလရ (၃၆)၊ ခလရ (၅၁) နဲ့ အမတ (၃၄၄) တပ်ရင်းတွေ စစ်ကြောင်းထိုးတာနဲ့ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ရှိတယ်လို့ ဒေသခံတွေက RFA ကို ဖြေဆိုထားပါတယ်။

ဧရာဝတီတိုင်းက မြို့နယ်တွေမှာ စစ်ကြောင်းထိုးတာနဲ့ ဖမ်းဆီးမှုတွေရှိတယ်ဆိုတဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။