စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း NLD ကြေညာ

စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ အထွေထွေရွေးကောက်ပွဲ အပါအဝင် လုပ်ငန်းစဉ် အားလုံးကို လက်ခံအသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က စက်တင်ဘာ ၂၇ ရက် ဒီကနေ့ ကြေညာပါတယ်။
NLD ပါတီ တည်ထောင်မှု ၃၄ နှစ်ပြည့်တဲ့ ဒီနေ့မှာ အခုလို ကြေညာလိုက်တာပါ။
ပြည်သူ့ဆန္ဒနဲ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲတစ်ခု မပေါ်လာခင်အထိ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ကိုယ်စား ပြုအာဏာအဖြစ် ဆက်ကျင့်သုံးမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဟာ ကိုယ်တိုင်ပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖျက်ပြီး အာဏာလုယူခဲ့သလို ပြည်သူတွေအပေါ်ကိုလည်း ရာဇဝတ်မှုတွေ ကျုးလွန်နေတယ်လို့ NLD က ဝေဖန်ပါတယ်။
ဒီအပြင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ပါတီဝင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးတာ၊ စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်တာ၊ ပိုင်ဆိုင်မှု တွေကို ချိတ်ပိတ်သိမ်းဆည်းတာနဲ့ ပါတီရုံးတွေကို ဖျက်ဆီးတာတွေ ပြုလုပ်ပြီး စစ်ကောင်စီက NLD ပါတီ ပျက်သုဉ်းအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ NLD ပါတီက ထုတ်ပြန်ကြေညာနေတာ တွေနဲ့ ပတ်သက်လို့ လက်ရှိမှာ ပါတီကို ကိုယ်စားပြုနိုင်မယ့်ပုဂ္ဂိလ် မရှိဘူးလို့ စက်တင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီအပြင် NLD ပါတီကို ဖျက်သိမ်းဖို့ ရှိ၊ မရှိ စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ မဲစာရင်း စိစစ်တာနဲ့ မဲရုံလျာထား သတ်မှတ်တာတွေကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က လုပ်နေပါတယ်။