မတ္တရာမှာ တပ်စခန်းရှစ်ခုကို သိမ်းပိုက်ရရှိကြောင်း မန္တလေး PDF ပြော

RFA Burmese
2024.07.02
မတ္တရာမှာ တပ်စခန်းရှစ်ခုကို သိမ်းပိုက်ရရှိကြောင်း မန္တလေး PDF ပြော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဓာတ်ပုံ

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အဖြစ် ဆင်နွှဲနေတဲ့ မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်းပေါင်း ရှစ်ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သား ခြောက်ဆယ်ကျော်ကိုလည်း ဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင်လ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်အတွင်းက အမှတ်-၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်၊ မြေနီတောင် တပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၆၄ ဦးနဲ့ တပ်မိသားစုဝင် ၁၁၇ ဦးခန့် ဖမ်းဆီးရမိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိတယ်လို့ မန္တလေး PDF က ပြောပါတယ်။

မတ္တရာမြို့နယ်ထဲမှာ မန္တလေး PDF၊ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် အရပ်သားတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့နယ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။