ကြာအင်းဆိပ်ကြီးမှာ စစ်တပ်နဲ့ KNU အကြား တိုက်ပွဲပြင်းထန်နေ

RFA Burmese
2023.01.05
ကြာအင်းဆိပ်ကြီးမှာ စစ်တပ်နဲ့ KNU အကြား တိုက်ပွဲပြင်းထန်နေ KNLA ပူးပေါင်းတပ်ဖွဲ့များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ရင်း စခန်းတစ်ခုတွင် တွေ့ရစဉ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်စခန်းသုံးခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၄ ရက် မနေ့မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ ဇန်ဝါရီ ၅ ရက်မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်‌နေတယ်လို့ KNU/KNLA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်တပ်ဘက်က အကျအဆုံးများပြီး အထိနာတဲ့အတွက် ဒီနေ့မနက်ပိုင်းမှာ လေကြောင်း ကနေ ပစ်ခတ်တိုက်ခိုက်တာ၊ ဗုံးကြဲခိုက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

သေဆုံးထိခိုက်အရေအတွက်ကို စစ်ကောင်စီဘက်က အတိအကျ ထုတ်မပြောပေမယ့် KNLA ဘက်ကတော့ မနေ့က တိုက်ပွဲမှာ သေဆုံးသူ သုံးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ခြောက်ဦးရှိတယ်လို့ KNLA သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ အပြင်ဘက်မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၈၃၊ ၂၈၄၊ မြို့ထဲမှာရှိတဲ့ ခလရ - ၃၂ တို့ကို KNLA ပူးပေါင်းတပ်တွေက မနေ့ကစပြီး တစ်ပြိုင်တည်း ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့မနက် ငါးနာရီခွဲလောက်ကစတာ။ တပ်ရင်း သုံးရင်းလုံးကို တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး မနက်ကိုးနာရီလောက်မှာ ကျနော်တို့ ပြန်ဆုတ်ခွာခဲ့တယ်။ တိုက်ပွဲဖြစ်နေချိန်မှာပဲ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ၁၀ ကြိမ်လောက်လာ ပစ်သွားတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေကိုပေါ့။ မနေ့ကတိုက်ပွဲမှာ တပ်ဘက်ကနေ လက်နက်ခဲယမ်း တော်တော်များများလည်း ရခဲ့ပါတယ်။ နှစ်ဖက်ထိခိုက် ကျဆုံးမှု တော့ရှိတယ်။ ပူးပေါင်းအဖွဲ့ကတိုက်ကြတာဆိုတော့ အရေအတွက်က အတိအကျ ပြောဖို့ခက်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါလိမ့်မယ်”

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ ၅၀ နီးပါးရှိပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ KNLA တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ခလရ - ၃၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်ဦးရဲ့ဇနီး ဒေါ်သီရိဝေလည်း ပါဝင်တယ်လို့ KNLA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။ RFA အနေနဲ့ ဒီကိစ္စကို သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို မေးမြန်းရာမှာ လုံခြုံရေးကိစ္စဖြစ်တာကြောင့် သူမဖြေကြား နိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ မနေ့ကတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေက သူတို့ရဲ့ တပ်စခန်းတွေကို လာရောက် တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ဘက်က ပြန်လည်ခုခံနိုင်ခဲ့ပြီး KNLA ဘက်က အထိအခိုက်အကျအဆုံးများစွာနဲ့ ပြန်ဆုတ်သွားတယ်လို့ ဇန်နဝါရီ ၅ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ (KNU) တပ်မဟာ (၆) နယ်မြေ ဒူပလာယာခရိုင် အုပ်ချုပ်ရေးရုံးကို ဗုံး ၁၇ လုံး ကြဲချသွားပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဘူးလို့ KNU/KNLA တပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNU/ KNLA တပ်တွေအကြား တစ်ပတ်ကြာ မြို့ပြတိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။ ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။