NUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်သူ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

RFA Burmese
2025.03.10
NUG ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်သူ ခုနစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး NUG က ထုတ်ပေးတဲ့သည့် ဘွဲ့လက်မှတ်အား နိုတြီပြန်ရာတွင် အသုံးပြုခဲ့သည့် မှတ်ပုံတင်စာအုပ်နှင့် တံဆိပ်တုံးများအား စစ်ကောင်စီက ၂ဝ၂၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Photo: Myanmar Military

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းမြို့မှာ ပညာဆက်လက်သင်ယူဖို့ကြိုးစားခဲ့မှုမှာ ပါဝင်ခဲ့သူ ခုနစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မန္တလေးဆေးတက္ကသိုလ်ကနေ ၂၀၂၀ ပြည့်နှစ်မှာ ဆေးပညာဘွဲ့လက်မှတ်ရခဲ့ပြီး တာဝန်ထမ်းဆောင်တာမရှိဘဲ ပြည်ပနိုင်ငံကို တရားမဝင်ထွက်ခွာသွားတဲ့ မကေဇင်ထွန်းဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ NUG ရဲ့ ဆေးတက္ကသိုလ် (မန္တလေး)က ထုတ်ပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်ကို ရခဲ့တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

NUG က ထုတ်ပေးတဲ့ဘွဲ့လက်မှတ်ကို မကေဇင်ထွန်းက ရန်ကုန်မြို့မှာ မြန်မာကနေ အင်္ဂလိပ်ဘာသာကို နိုတြီပြန်ခဲ့ပြီး ဒူဘိုင်းမြို့မှာ ပညာဆက်လက်သင်ယူဖို့ လျှောက်ထားခဲ့ပါတယ်။

အဲဒီဘွဲ့လက်မှတ်ကို သံသယရှိတာကြောင့် ဒူဘိုင်းမြို့မှာရှိတဲ့ The Data flow Group Company က အတည်ပြုပေးဖို့ စစ်ကောင်စီကို မတ်လ ၄ ရက်နေ့မှာ ဆက်သွယ်လာတာကြောင့် စိစစ်ရာမှာ တရားမဝင်ထုတ်ပေးထားတဲ့ လက်မှတ်ဖြစ်နေတာကို တွေ့ရတာလို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒါကြောင့် NUG ထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ မအိလဲ့လဲ့ထွန်း (Angel Online Notary Service)၊ ဦးဇာနည်လွင်(ခ)လပြည့် (လပြည့်ဝန်း နိုတြီဆိုင်ပိုင်ရှင်)၊ ရှေ့နေလှဝင်း(ရွှေပြည်အောင် နိုတြီဆိုင်ပိုင်ရှင်)နဲ့ မအေးသီတာ(အောင် နိုတြီဆိုင်ပိုင်ရှင်) တို့ လေးဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အလားတူ NUG ထုတ်ပေးတဲ့ လက်မှတ်ကို နိုတြီပြန်ဆိုထားတဲ့ စာရွက်မှာ လက်မှတ်ထိုးပေးခဲ့တဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန နိုတြီဌာနစိတ် (ရန်ကုန်)က ဒုတိယ ညွှန်ကြားရေးမှူး အောင်ကျော်မိုးနဲ့ လက်မှတ်ထိုးတဲ့ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရုံးအုပ် နိုင်နိုင်လတ်နဲ့ မောင်မောင်ချစ်စန်းဦးတို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

NUG ထုတ်ပေးတဲ့ လက်မှတ်ကို နိုတြီပြန်ဆိုမှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံသား ကျောင်းသူနှစ်ဦး ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်မှာ ကျောင်းတက်ဖို့ NUG ထုတ်ပေးထားတဲ့ ဘွဲ့လက်မှတ်ကို နိုတြီပြန်ပေးခဲ့တဲ့ ရန်ကုန်မြို့က သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။