ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီး၍ မြန်မာများ ဘေးကင်းရာ ရွှေ့ပြောင်း

ထိုင်းတောင်ပိုင်းတွင် အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးလာတဲ့အတွက် စူရပ်ဌာနီခရိုင်၊ စူရပ်မြို့ ရှိ ဂျေကွန်မစ် ရေလုပ်ငန်း စက်ရုံက မြန်မာအလုပ်သမားတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သိရပါတယ်။

2011.04.01
thai_flood_305_z.png မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်း မြို့တမြို့တွင် ရေကြီးနေသည်ကို ဧပြီ ၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ပထမပိုင်းမှာ စက်ရုံရဲ့ကုမ္ပဏီ ရုံးဝင်းထဲမှာ ပြောင်းရွှေ့ပေးထားရာက နောက်ပိုင်း မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက စူရပ်ဌာနီ ဘန့်နော်ဒွန် ရပ်ကွက်က စစ်တပ် ကျောင်းဝင်းထဲကို ပြောင်းရွှေ့ပေးထားတယ်လို့ မြန်မာအလုပ်သမား တဦးက ပြောပါတယ်။

“အလုပ်သမားတွေ နေတဲ့ အဆောင်တွေ မျောကုန်တယ်။ တခြားရပ်ကွက်မှာပေါ့၊ တောင်ကုန်းကျတဲ့ နေရာမှာပေါ့။ စစ်တပ်ကျောင်းလို့ ပြောတာပဲ။ အဲဒီ ကျောင်းမှာက နှစ်ထပ်ဆောင် အကြီးကြီးတွေ ရှိတယ်။ အဲလိုမျိုး အပေါ်ထပ်ကြီးမှာ လာပြီး အလုပ်သမားတွေကို ထားထား ပေးထားတယ်။ ရှမ်းမန်နေဂျာတွေက သူတို့ အားလုံး စီစဉ်ပေးတယ်။ အားလုံး လူ ၁၀၀ ကျော်လောက် ရှိမယ်။ ဒီပေါ်မှာ ၂ ရက် ၃ ရက်လောက် နေရဦးမယ်လို့ ပြောတာပဲ။ ကုမ္ပဏီ ရေနစ်နေတော့ ဒီ ကျောင်းပေါ်မှာပဲ သူ့အလုပ်သမားတွေ ပေးထားတယ်။ သူတို့က အဲလိုပေါ့ မနက်စာတွေ ညနေစာတွေ သူတို့ပဲ လာလာ ပို့ပေးတယ်ပေါ့နော်။”

သူတို့စက်ရုံက အသေအပျောက် မရှိပေမဲ့ တခြားဒေသက မြန်မာအလုပ်သမားတွေ အခြေအနေ မသိရသေးကြောင်း ဆက်ပြောပြပါတယ်။

“ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ် ပြေးလာရတာ ဆိုတော့လေ၊ သူများတွေတော့ အဲလို ပြောကြတာပေါ့နော်။ တချို့လည်း ရေအားကြီးလို့မို့ ရေထဲပါတယ် ဘာညာလည်း ကြားတော့ ကြားတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့မှာတော့ အဲလိုမျိုး သိပ်မရှိဘူး။ ရေကြီးကာစပေါ့နော်၊ ၃ လပိုင်း ၂၇၊ ၂၈၊ ၂၉၊ ၃၀ လောက်ကထိတော့ အဲလိုမျိုး ဆက်သွယ်လို့ ရနေကြတယ်ပေါ့နော်။ အခုနောက်ပိုင်းတော့ ရေကလည်း ကြီးတာနဲ့ ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ် သွားနေကြတာဆိုတော့ အဲလို ဖုန်းပိတ်ထားတာတွေ များနေတော့ သိပ်ပြီးတော့ သတင်းတွေ ဘာတွေလည်း မရသေးဘူးရှင့်။”

ထိုင်းတောင်ပိုင်းတွင် အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးနေတဲ့အတွက် ရေလုပ်ငန်း၊ ရာဘာလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ချုံဖော်၊ နခွန်ဆီ ထမရတ်၊ ဆူရတ် ဌာနီ၊ တလန်၊ ကရာဘိနှင့် ဖတ်ထလုန်တို့မှာ မိုးရွာ ရေကြီးမှုတွေ ဖြစ်နေပြီး အနည်းဆုံး လူ ၂၅ ဦးသေဆုံးပြီး ကမ္ဘာလှည့် ခရီးသွားတွေ ထောင်နှင့်ချီ ပိတ်မိနေကြောင်း၊ ကရာဘိ မြိုနယ်တွင် မြေပြိုမှုကြောင့် ၂ ဦးသေဆုံးပြီး လူ ၂၀ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းများက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။