ရွှေ့ပြောင်းအလုပ်သမားတွေအရေး စီမံချက်ကို ရပ်ဆိုင်းပေးဖို့ တောင်းဆို
2019.09.23

ပြည်ထောင်စုအစိုးရရဲ့ ဖားကန့်ဒေသနဲ့ တနိုင်းဒေသက ရွှေ့ပြောင်းအလုပ်သမားတွေ နေရာချထားရေးစီမံချက်ကို ရပ်ဆိုင်းပေးဖို့ ဒေသခံတွေနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီက တောင်းဆိုလိုက်ပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဖားကန့်ဒေသ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေတာကို ကန့်ကွက်တာဖြစ်ပါတယ်။
အဲဒီအဖွဲ့ဟာ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေး လုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်း သင်တန်းပေးရေးနဲ့ အလုပ်အကိုင်ရှာဖွေရေးအဖွဲ့ခွဲ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့ခွဲ၊ ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲတွေကို ထပ်မံဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ခွဲတွေထဲမှာ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကိုလည်း တာဝန်ခွဲပေးထားတယ်လို့ သိရပါတယ်။
ဒီလိုလုပ်ဆောင်ရတဲ့ အစိုးရရဲ့ ရည်ရွယ်ချက်တွေထဲမှာ မြေစာပုံတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အသက်ဆုံးရူံးမှုမရှိစေဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေထိုင်တဲ့ (၂၁)ရွာကို စနစ်တကျ နေရာချထားပြီး တရားဝင်သတ်မှတ်ပေးနိုင်ဖို့၊ ဒေသခံနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ပြီး စီစစ်ရေးကတ်တွေ ထုတ်ပေးပြီး စနစ်တကျကြီးကြပ်စီမံဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေ အခြေချနေထိုင်ရေးအတွက် မြေလွတ်မြေရိုင်းတွေမှာ စီမံဆောင်ရွက်ပေးဖို့၊ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးဖို့ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
ဒီစီမံချက်တွေဟာ ဒေသခံတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာဖို့သာ များနေတဲ့အတွက် ကန့်ကွက်တာလို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေရဲ့ တင်ပြတောင်းဆိုချက်တွေအရ ကချင်ပြည်နယ် ပြည်သူ့ပါတီဟာ အစိုးရရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေရာချထားရေးစီမံချက်ကို ရပ်ဆိုင်းပေးဖို့ ပြီးခဲ့တဲ့ လဆန်းလောက်မှာ နိုင်ငံတော် သမ္မတရုံး၊ အတိုင်ပင်ခံရုံးနဲ့ ပြည်ထောင်စု လဝက ဝန်ကြီးဌာနကို တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက်တစ်စုံတရာ မသိရဘဲ ပြည်ထောင်စုကို တင်ပြပေးမယ်လို့သာ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေက တုံ့ပြန်တယ်လို့ KSPP ပါတီ ဒုဥက္ကဋ္ဌ ဦးအောင်ခမ်း က ဆိုပါတယ်။
(RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့သည်)