ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်အစပ်မှာ တိုက်ပွဲ ပြင်းထန်နေ
2025.01.10

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အစပ်က ရွှေတူးဖော်ရေး လုပ်ကွက်တွေရှိတဲ့ ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဟုမ္မလင်းနဲ့ ဖားကန့်မြို့နယ် နှစ်ခုလုံးကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြောပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ စစ်ကောင်စီ ပူးပေါင်းတပ်တို့ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာ တစ်ဖက်ကမ်းက ရေပေါ်မီးနဲ့ ပါဟုတ်ကြီး ရွာတွေဘက်မှာ တိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ခန့် ရှိလာပြီလို့ PDF နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီဘက်မှာ တိုက်ပွဲဖြစ်နေတာ ဟုတ်တယ်။ လေကြောင်း တိုက်ခိုက်တာတွေလည်း ရှိတယ်။ KIA ဦးစီးပြီး PDF တွေနဲ့ ပူးပေါင်းပြီးတိုက်တာ။ ကချင်နယ်စပ်ကို အခြေပြုပြီး ဟုမ္မလင်းနယ်ထဲ ဝင်လာတာပေါ့”
ဟုမ္မလင်းမြို့နယ်ထဲက ရွှေတူးဖော်ရေး လုပ်ကွက်တွေရှိရာဒေသက စစ်ကောင်စီတပ်ရဲ့ ရွှေတွင်းရွာ တပ်စခန်း၊ စိုင်းပန်ရွာအနီးက SNA စခန်းနဲ့ သံယောဇဥ် စခန်းကုန်း၊ ရှစ်မျက်နှာဘုရားကုန်း၊ ပန်ချယ်ဆို စခန်းကုန်းနဲ့ ပါဟုတ်ကြီးရွာတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာကတည်းက KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာပါ။
ဟုမ္မလင်းမြို့နယ်ဘက်မှာ တိုက်ပွဲပြင်းထန်နေချိန် ဖားကန့်မြို့နယ် ဘွမ်နန်ရွာကို ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ SNA တာဝန်ရှိသူတွေကို RFA က ဆယ်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆက်သွယ်လို့ မရသေးပါဘူး။ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဆယ်ဇင်းရွာတစ်ဖက်ကမ်းမှာ တိုက်ပွဲတွေ ဖြစ်နေကြောင်း သိရှိထားပြီး အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
ကချင်ပြည်နယ် မံစီမြို့က တပ်ရင်းတွေအားလုံးကို KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၈ ရက်နေ့မှာ KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး မံစီမြို့နယ် ဆယ်မိုင်ခန့်ဝေးတဲ့ ဗန်းမော်မြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပါတယ်။