ထိုင်းကနေ ပြန်လာတဲ့ မြန်မာ အလုပ်သမား တစ်သောင်း ခွဲကျော်ရှိပြီဖြစ်


2017.07.02
thai-return-workers-620.jpg ထိုင်းနိုင်ငံ ဖူးကက် က ပြန်လည်ရောက်ရှိလာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ကော့သောင်းမြို့မှာ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Htoo Chit (facebook)

ထိုင်းအစိုးရရဲ့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေကြောင့် မြဝတီနဲ့ ကော့သောင်းမြို့တွေမှာရှိတဲ့ နယ်စပ်ဂိတ်တွေကနေ တဆင့် မြန်မာပြည်ကိုပြန်လာကြတဲ့ မြန်မာအလုပ်သမား တစ်သောင်းခွဲကျော် ရှိပြီဖြစ်ပြီး ဒီနေ့တစ်နေ့တည်းမှာ လူဦးရေ ၃ ထောင်ကျော် ရောက်ရှိလာတယ်လို့ အလုပ်သမားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီနေ့ မြဝတီမြို့က ၉၉၉ ဂိတ်နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ ဝင်ရောက်လာသူ ၃၀၀၀ နီးပါးရှိတယ် လို့ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း ကပြောပါတယ်။

"ဒီနေ့က ၃၀၀၀ ကျော်လောက်ရှိပြီ။ ကိုးသုံးလုံးဂိတ်က တစ်ထောင်ကျော်၊ တံတားဘက်က ဝင်လာတာ တစ်ထောင်ကျော် တဖြည်းတဖြည်းလာတာလေ။ ဒီရက်ပါ ပါလို့ရှိရင် လေးရက်ရှိပြီပေါ့။ ဒီဘက်ကတော့ ကားစီစဉ်ပေးတယ်။ အိမ်တိုင်ရာရောက်ပို့ပေးတယ်။ အခမဲ့နဲ့ပေါ့နော်"

ကော့သောင်းမြို့နယ်စပ်ဂိတ်မှာ နေရပ်ပြန်မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးထူးချစ် က ပြန်လာတဲ့ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

" မနေ့ကတော့ ၇၀ ကို ကော့သောင်းခရိုင်က သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကလည်း လာကြိုတယ်။ နောက်အခု တစ်ခေါက်က ၁၅၀ ပေါ့။ ၁၅၀ မှာ မိန်းခလေး ၇၄ ယောက် ၊ ယောကျ်ားလေး ၇၆ ယောက် ပါတယ်ခင်ဗျ"

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အထောက်အထားမခိုင်လုံသူတွေနဲ့ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာလုပ် သားတွေက ပြီးခဲ့တဲ့ ဇွန်လ၂၉ ရက်နေ့က စတင်ပြီး မြဝတီနဲ့ကော့သောင်းမြို့နယ်တွေက နယ်စပ်ဂိတ်တွေ ကနေ ပြည်တွင်းကို ပြန်လာတာဖြစ်ပါတယ်။

အခုလ ၂၀ ရက်နေ့မှာ ထိုင်းအစိုးရက ပြင်ဆင်ပြဌာန်းလိုက်တဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဥပဒေကို ထိုင်းဝန်ကြီးချုပ်က ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ဖို့ အခုလ ၂၉ ရက်နေ့က ကြေညာခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ ဒီရက် ပိုင်းအတွင်း အထောက်အထားမခိုင်လုံတဲ့ လုပ်သားဖမ်းဆီးမှုတွေ လျော့ကျလာနိုင်တယ်လို့ ဦးထူးချစ် ကပြော ပါတယ်။

ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့ အထောက်အထားမခိုင်လုံတဲ့ လုပ်သားတွေကို ကြာရှည် ထိန်းသိမ်းထားတာ မရှိဘဲ နီးစပ်ရာနယ်စပ်ဂိတ်တွေကနေ တဆင့်နေရပ်ပြန်ပို့နေတာ ဖြစ်တယ်လို့လည်း ဦးထူးချစ် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။