ထိုင်းကနေပြန်လာတဲ့ မြန်မာနိုင်ငံ သား တစ်သောင်းကျော်ရှိ


2017.07.01
migrant-myanmar-workers-620.jpg ထိုင်းနိုင်ငံ ဖူးကက် က ပြန်လည်ရောက်ရှိလာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ကော့သောင်းမြို့မှာ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်
Photo: Htoo Chit (facebook)

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ကြောင့် မဲဆောက်မြို့ ကိုးသုံးလုံးဂိတ်ကတဆင့် မြန်မာနိုင်ငံကို ပြန်လာတဲ့ အလုပ်သမား ၁ သောင်းကျော်ရှိသွားပြီလို့ အလုပ်သမားတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မြဝတီမြို့ ၉ သုံးလုံးဂိတ်ရဲ့ စာရင်းအရ ၃ ရက်အတွင်း ပြန်လာသူ ၁ သောင်းကျော် ရှိနေပြီဖြစ်တယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"အခုဆိုရင်တော့ ကျနော်တို့ ၃ ရက်မှာပေါ့နော်၊ အားလုံး ၁ သောင်းကျော်သွားပါပြီ၊ တံတားပေါ် ကဖြတ်တာ၊ တစ်ခြားဂိတ်တွေက ဖြတ်တာတွေ မပါသေးပါဘူးခင်ဗျ၊ ၉ သုံးလုံးဂိတ်တစ်ခုတည်းရဲ့ စာရင်းပါ"

၉ သုံးလုံးဂိတ်မှာ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနဲ့ မြန်မာနိုင်ငံ အလုပ်သမားဦးစီးဌာနက တာဝန်ရှိ သူတွေ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေ၊ တပ်မတော်နဲ့ အရပ်ဘက်အဖွဲ့တွေက နေရပ်ပြန်လာသူတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ မိမိတို့ရဲ့နေရပ်အသီးသီးကို ပြန်နိုင်ဖို့ အခက်အခဲရှိနေသူတွေကိုလည်း ကားတွေစီစဉ်ပေးနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

ဇွန်လ ၂ဝ ရက်နေ့က ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေအရ တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးနေ တာတွေကို ရက်ပေါင်း ၁၂ဝ ကြာ ယာယီရပ်ဆိုင်းထားလိုက်ပြီး တရားမဝင် အလုပ်လုပ်နေကြတဲ့ အလုပ် သမားတွေအနေနဲ့ တရားဝင်ဖြစ်အောင် လျှောက်ထားကြဖို့ အချိန်ပေးထားကြောင်း ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကြေညာလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးကို ခေါ် ယူတွေ့ဆုံပြီးနောက်ပိုင်း ဥပဒေသစ်ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီဥပဒေသစ်ကို ယာယီရပ်ဆိုင်းမှုမပြုခင်အချိန်အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၅ဝဝ လောက် အဖမ်းခံထားရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။