ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ကို မြေဂရန်အတွက် ငွေပေးရ တယ်လို့ ပြောဆို
2017.06.02

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ဦးတင်ထွန်း ကို မြေဂရန်ပြန်ရဖို့အတွက် ငွေပေး ရတယ်ဆိုပြီး ဦးမိုက်ကယ်ကျော်မြင့် ဆိုသူက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၈)ရပ်ကွက်က ယခင်တိုးကြောင်ကြီးကျေးရွာ၊ ထိန်ပင်ရိုးကွင်း၊ ကွင်း အမှတ်(၄၆၇/က) မှာရှိတဲ့ မြေဧက ၃၀ကို ၁၉၉၀ ၊ ၉၁ ခုနှစ်က မြို့ပြနဲ့ အိမ်ရာစီမံကိန်းအဖြစ် သိမ်းယူခဲ့တာဖြစ် ပါတယ်။
အဲဒီအထဲက စီမံကိန်းမလုပ်တဲ့ ၉ ဧကကို မူလပိုင်ရှင်ပြန်ရရှိဖို့အဆင့်ဆင့် လျှောက်ထားခဲ့ရာမှာ အဲဒီ ၉ ဧကရဲ့ ဂရမ်မြန်မြန်ပြန်ရဖို့အတွက် ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိကို ငွေ ၁၂ သိန်း ပေးခဲ့ရတယ်လို့ ဦးမိုက်ကယ်ကျော်မြင့် က ပြောပါတယ်။
အဲဒီမြေနေရာတွေကို ဦးမိုက်ကယ်ကျော်မြင့် ပိုင်တာ မဟုတ်ပါဘူး။ မူလပိုင်ရှင်ဖြစ်တဲ့ ဦးအုန်းဟံ ဆိုသူက ဦးမိုက်ကယ်ကျော်မြင့်ရဲ့ဇနီး ဒေါ်ချောကေခိုင်ကို တရားဝင်ကိုယ်စားလှယ်အဖြစ် လွှဲထားတာဖြစ် ပြီး ဒေါ်ချောကေခိုင်နဲ့ မိုက်ကယ်ကျော်မြင့်တို့က သူတို့အမည်နဲ့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဦးမိုက်ကယ်ကျော်မြင့်ဟာ မြေပွဲစားဆိုပြီး သတင်းတွေထွက်ပေါ်နေသလို KNU/KNLA - PC အဖွဲ့က စီးပွားရေးတာဝန်ခံဆိုပြီး သတင်းတွေထွက်နေပါတယ်။
ဦးမိုက်ကယ်ကျော်မြင့်က သူဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို မိုက်ကယ်ကျော်မြင့်က သက်သေစာရွက်စာတမ်းများနဲ့အတူ ရှင်းလင်း ခဲ့ပေမယ့် ခွင့်ပြုမိန့်မရှိဘဲ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် တရားဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ တာမွေမြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်စိုး ကပြောပါတယ်။