ရန်ကုန်ဝန်ကြီးချုပ်ကို ဆန္ဒပြမယ့် ဦးမိုက်ကယ်ကျော်မြင့် ဖမ်းဆီးခံရ


2017.10.24
michael-kyaw-myint-622.jpeg ဦးမိုက်ကယ်ကျော်မြင့် ကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တာမွေဟစ်တိုင်မှာ ဒီနေ့ ဆန္ဒပြဖို့စီစဉ်ထားတဲ့ ဦးမိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တာမွေမြို့နယ်ရဲစခန်းက မနေ့က ဖမ်းဆီးလိုက်ပြီး ဒီနေ့ တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့မနက်မှာ ရုံးထုတ်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ မိုက်ကယ်ကျော်မြင့် ဇနီးဖြစ်သူ မအေးအေးသင်း က ပြောပါတယ်။

"၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုလို့ပဲ ပြောတယ်။ တိတိကျကျမပြောဘူး။ ရုံးထုတ်ပြီးတော့ ချက်ချင်းရမန်ယူပြီးတော့ အင်းစိန်ကို ပို့လိုက်တာပါ။ ဒီ ၂၄ ရက်နေ့ ၁ နာရီကနေ ၅ နာရီ သူတို့ပြောင်း လုပ်ခိုင်းတဲ့ တာမွေဟစ်တိုင်မှာလုပ်ဖို့ ။ ကျွန်မတို့ရဲ့ ထင်မြင်သုံးသပ်ချက်ကတော့ ဒီနေ့မှာဖွင့်ချမယ့် ဝန်ကြီးချုပ်ရဲ့ လိမ်လည်ပြီးတော့ ဒုသမ္မတ ၂ ထံကို တင်ထားတဲ့စာကို ကျွန်မတို့တွေက ပရိုဂျက်တာတွေ ပါဝါပွိုင့်တွေနဲ့ ပြည်သူတွေကိုရော သတင်းမီဒီယာတွေကိုရော တစ်ချက်ချင်းရှင်းပြမှာကို လက်မခံနိုင်လို့ ကြိုတင်ပြီးတော့ ပိတ်လိုက်တာလို့ ထင်ပါတယ်"

ဦးမိုက်ကယ်ကျော်မြင့်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၁ရက်နေ့မှာ ရုံးချိန်းပြန်လည်ချိန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ဦးမိုက်ကယ်ကျော်မြင့်ကို ဦးမိုးဟိန်းကပဲ တရားလိုပြုပြီး မမှန်မကန်စွပ်စွဲပြောဆိုမှု ပုဒ်မ ၂၁၁၊  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပြီး တာမွေမြို့နယ် တရားရုံးမှာ မြို့နယ်စခန်းမှူး ဒုရဲမှူးခင်စိုးက ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထား ပါတယ်။

ဦးမိုက်ကယ်ကျော်မြင့်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ဗိုလ်မှူးဗထူး တန်ဖိုးမ ျှတအိမ်ရာစီမံကိန်း အပိုင်း ၂ နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိကို လာဘ်ငွေပေးရတယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။