ဝရမ်းထုတ်ထားတဲ့ မိုက်ကယ်ကျော်မြင့် ကို ဖမ်းဆီးမိ

Khin Khin Ei
2019.06.10
michael-kyaw-myint-622 ကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်
(ဓာတ်ပုံ - ရဲဇာနည်)

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ ဘာသာရေးဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကုန်းကံရွာက ဇနီးဖြစ်သူရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးမိခဲ့ပါတယ်။

မိုက်ကယ်ကျော်မြင့်ကို ဇနီးဖြစ်သူရဲ့နေအိမ်မှာ ပုန်းခိုနေကြောင်း သတင်းအရ ရဲက ဖမ်းဝရမ်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ကုန်းကံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောလွင်က ပြောပါတယ်။

ခရိုင်ရဲတပ်ဖွဲ့ရယ်၊ ဝမ်းတွင်းမြို့နယ်က အဖွဲ့တွေရယ် လာတယ်။ ရောက်လာတဲ့အချိန်က နေ့လည်က၊ အဲဒီအိမ် သွားချင်တယ်ဆိုပြီး ကျနော့်ကိုဝင်ခေါ်တော့ လိုက်သွားလိုက်တယ်။ အဆင်သင့်ပါဘဲ မိုက်ကယ်ကျော်မြင့်ရယ် သူ့ဇနီးရယ် တွေ့ပါတယ်။ မေးကြစစ်ကြပြီး သူ့ကိုခေါ်သွားတယ်။ သူ့ဇနီးအိမ်ကို နာရီလောက်က ရောက်တယ် ပြောတယ်။ သူတို့ပြောတာ ဘုန်းကြီးတပါးလည်းပါတယ်။ ကျနော်တို့လည်း ရွာထဲမှာ အတူနေတာဆိုတော့ အရင်ရက်တွေက မရှိတာ သိတယ်လေ။ နာရီလောက်ရောက်တာ ဆိုတော့ ကျနော်တို့လည်း မသိနိုင်ဘူးလေ။ အိမ်ကလည်း နဲနဲဝေးတာကိုးလေ။ ဘုန်းကြီးကို ရဲအရာရှိက စစ်ဆေးတဲ့အခါကျတော့ ကျောက်ပန်းတောင်းဘက်ကလို့ ပြောတာပဲ။ ဖမ်းတော့မဖမ်းဘူး ဘုန်းကြီးကတော့ သူတို့နောက် လိုက်သွားတယ်

လတ်တလောမှာ သူ့ကို မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှာ ဖမ်းဆီးထားပြီး မူလ အမှုစွဲထားတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံရဲစခန်းကို ပြန်လည်လွှဲပြောင်းမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက် နဲ့ ၁၆ ရက်နေ့ညက တောင်ဒဂုံမြို့နယ်အမှတ် ၂၆၊  ၆၄ နဲ့ ၁ဝ၆ ရပ်ကွက်က အစ္စလာမ်ဘာသာဝင်တွေရဲ့  ဝတ်ပြုနေရာတွေကို မိုက်ကယ်ကျော်မြင့် ဦးဆောင်တဲ့ လူအင်အား တစ်ရာကျော်က ဝင်ရောက်စစ်ဆေးပြီး ဝတ်ပြုတာတွေကိုလည်း တားဆီးခဲ့ပါတယ်။

အဲဒီကိစ္စအတွက် မိုက်ကယ်ကျော်မြင့်နဲ့ သီဟမျိုးနိုင်တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။ သူနဲ့အတူအမှုဖွင့်ခံထားရတဲ့ သီဟမျိုးနိုင်ကတော့ ဇွန်လ ၆ ရက်နေ့က တောင်ဒဂုံတရားရုံးကို သွားရောက် အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာပန်းခြံမှာ ပြီးခဲ့တဲ့ဧပြီလက ပြုလုပ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို ကန့်ကွက်နှောင့်ယှက်မှုနဲ့ မိုက်ကယ်ကျော်မြင့်ကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တောင်ဥက္ကလာ ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။

နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ကာကွယ်ရေး ဥပဒေ ပုဒ်မ (၁ဝ) နဲ့  အမှုဖွင့်လိုက်တာပါ။

ဒီအမှုနဲ့ ပတ်သက်တဲ့ သက်သေဗီဒီယိုဖိုင်တွေကို တောင်ဥက္ကလာ ရဲစခန်းကို ဒီနေ့ သွားပြီးပေးအပ်ခဲ့တယ်လို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် အမှုလွှဲအပ်ထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းလှိုင်ထွန်းက ပြောပါတယ်။

ကျနော်တို့ အခုကတော့ ပုဒ်မ ၁ဝ ပေါ့၊ နိုင်ငံသားများရဲ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေပေါ့နော်။ အဲဒီဥပဒေနဲ့ ရဲစခန်းက အမှုဖွင့်ပေးလိုက်ပြီ။ ဒီနေ့ကတော့ အဲဒီမှာဖြစ်ပျက်ခဲ့တဲ့ ဗီဒီယိုအခွေ လာအပ်တာ။ စခန်းမှူးက ယူထားလိုက်ပြီ။ အမှုစစ်အရာရှိက ကိုနေမျိုးဇင်ကို သွားစစ်လိမ့်မယ်၊ တိုက်ကြီးတရားရုံးမှာ စစ်လိမ့်မယ်။ စစ်ပြီးမှ အဲဒီအခွေကို ရှာဖွေပုံစံနဲ့ လက်မှတ်ထိုးသိမ်းလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပွဲမှာ မိုက်ကယ်ကျော်မြင့်နဲ့ အပေါင်းအပါတစ်စုက လာရောက်နှောက်ယှက်တာကို ရိုက်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်

မိုက်ကယ်ကျော်မြင့်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ကိုယ်ရေးအရာရှိတို့ကို လာဘ်စားမှုနဲ့ စွပ်စွဲဆန္ဒပြမှုကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ မမှန်မကန်စွပ်စွဲမှုနဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၁ တို့အပြင်၊ ငြိမ်းချမ်းစွာစုဝေးခွင့် ပုဒ်မ ၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။