ရန်ကုန်မှာ အိမ်သုံးဆေးဝါးဈေးနှုန်း နှစ်ဆခန့်မြင့်တက်
2022.07.22

ရန်ကုန်မြို့ရဲ့ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးပစ္စည်းဈေးနှုန်း နှစ်ဆခန့် မြင့်တက်လာနေတယ်လို့ ဆေးဝါးဖြန့်ဖြူးနေသူတွေက RFA ကို ဇူလိုင်လ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဆေးဝါးကုမ္ပဏီတွေက ဖြန့်ဖြူးရောင်းချတဲ့ ဈေးနှုန်းတွေကြီးနေသလို ပြည်ပကနေ တင်သွင်းဖို့ အခက်အခဲတွေရှိတာကြောင့် လက်ရှိဆေးဝါးတွေကိုသာ ရောင်းချ နေရတယ်လို့ ရန်ကုန်မြို့က ဆေးဝါးပြန်လည်ဖြန့်ဖြူးသူတစ်ဦးက ပြောပါတယ်။
“လောလောလတ်လတ် ကုမ္ပဏီတွေက အကုန်ဈေးတက်နေတော့ ညီမတို့တွေလည်း ဆေးတွေဝယ်လို့တော့ မရသေးဘူး။ ကုမ္ပဏီဈေးတွေကတော့ တအားများနေတယ်။ အခုရောင်းနေရတာက အရင်က ကြိုဝယ်ထားတဲ့ ဆေးတွေ ရောင်းနေရတယ်။ ကိုယ့်ဟာနဲ့ ကိုယ်တော့ အလျဉ်မီအောင် ရောင်းနေရတယ်။ ကုမ္ပဏီရဲ့ တိုက်ရိုက်ဈေးတွေကကို ဈေးတက် နေတာ။ ညီမတို့လည်း ရောင်းပြီး နောက်ထပ်က ထပ်ဝယ်လို့မရတော့ ဖြစ်နေတယ်။ ရှိသ လောက်တော့ ရောင်းပေးနေပါမယ်။ ကုန်သွားလို့ ထပ်ဝယ်မရရင်တော့ ဒီအတိုင်းပဲ ထိုင်နေ ရမှာပဲ”
ပြည်တွင်းမှာ သုံးစွဲနေတဲ့ အခြေခံအိမ်သုံးဆေးဝါးတွေအပါအဝင် ဆေးဝါးဈေးနှုန်းတွေ တက်နေတာကြောင့် ဆေးကုမ္ပဏီတချို့ ဆေးအရောင်း ရပ်နားထားရတယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန်မြို့မှာ တချို့ဆေးဆိုင်တွေ ပိတ်ထားရသလို ဖွင့်တဲ့ဆိုင်တွေမှာလည်း ဆေးဝါးတွေကို ခွဲတမ်းနဲ့ရောင်းချနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် မရှိမဖြစ် သုံးစွဲရတဲ့ ဆေးဝါးပစ္စည်းတွေကို ရတဲ့ ဆေးဆိုင်တချို့မှာ တန်းစီဝယ်ယူ နေကြရပြီး ဒီကိုဂျင်နဲ့ ပါရာစီတမောလို ဆေးအပါအဝင် ကလေးချောင်းဆိုးပျောက်ဆေး၊ ဝမ်းပျက်ဝမ်းလျှော ဆေးတွေတောင် ဈေးတွေ အဆမတန်တက်နေပေမယ့် ပစ္စည်းပြတ်မှာ စိုးရိမ်လို့ အနည်းငယ် ဝယ်ယူနေရတယ်လို့ ဆေးပစ္စည်းလာရောက် ဝယ်ယူသူတစ်ဦးက ပြောပါတယ်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၈၆၀ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးဟာ သတ်မှတ်ဈေးနှုန်းထက် ကျပ် ၆၀၀ ဝန်းကျင် ကွာဟနေတာကြောင့် ပြည်ပက တင်သွင်းနေရတဲ့ ဆေးဝါးပစ္စည်းတွေကို တင်သွင်းနိုင်ဖို့ အခက်အခဲတွေ ရှိနေကြ တာဖြစ်တယ်လို့ ဆေးဝါးဖြန့်ဖြူးသူတွေက ပြောပါတယ်။
ရန်ကုန်က ဆေးဆိုင်တွေ အကန့်အသတ်နဲ့သာ ရောင်းနေရပြီး ဆေးပစ္စည်းအားလုံးနီးပါး ဈေးနှုန်းနှစ်ဆခန့် မြင့်တက်နေတယ်လို့ ဆေးအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။