နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲသွားမည်


2013.06.08

နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေအဖြစ် ပြောင်းလဲသွားမယ်လို့ အစိုးရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ သိမ်ဖြူလမ်း ပြန်ကြားရေးရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေအဖြစ် ပြောင်းလဲသွားမယ့်အကြောင်း ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောခဲ့တာပါ။

"မီဒီယာက အာဏာရပါတီ၊ အာဏာရအစိုးရကို ကိုယ်စားပြုလို့မရတော့၊ ဒါ့ကြောင့် နိုင်ငံပိုင် မီဒီယာကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ်ပြောင်းရမယ်၊ အဲလိုပြောင်းတဲ့အခါမှာလည်း တကယ်ကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ပြည်သူတွေလိုချင်တဲ့ သတင်းအချက်အလက်အားလုံကိုပေးနိုင်တဲ့၊ ပြည်သူတွေပြောတဲ့ဟာတွေအားလုံးကို တင်ပြပေးနိုင်တဲ့ မီဒီယာတစ်ခုဖြစ်အောင်၊ နောက် အင်အားနည်းအုပ်စုတွေ၊ လူနည်းစုတွေအထိ ပျံ့နှံ့ရောက်အောင်ကြိုးစားပြီးတော့ ကြိုးပမ်းမှာဖြစ်တယ်"

အစိုးရပိုင် မီဒီယာတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့ ပြင်ဆင်ရာမှာ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေအပြင် မြန်မာ့အသံ၊ အသံလွှင့်ဌာနကိုလည်း အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထိမ်းချုပ်မှုအောက်မှာ မထားတော့ပဲ သီးသန့်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ကနေ စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲလို အချိန်မျိုးမှာ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက်တွေကို အများပြည်သူသိရှိအောင် ဖော်ပြပေးသွားမှာဖြစ်သလို တိုင်းရင်းသားဘာသာစကားအားလုံးနဲ့လည်း တင်ပြသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလို အကောင်အထည်ဖေါ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က လိုအပ်တဲ့ဘဏ္ဍာငွေရဲ့ ၇ဝ% ကို ထောက်ပံ့ပေးရမှာဖြစ်သလို ကျန်တဲ့ ၃ဝ% ကိုတော့ ကြော်ငြာခကနေ ရယူသုံးစွဲသွားမယ်လို့ ဆိုပါတယ်။ အခုရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းဟာ ပုဂ္ဂလိကသတင်းစာ ဂျာနယ်စတာတွေနဲ့ သက်ဆိုင်မှုမရှိပဲ အစိုးရမီဒီယာတွေ ပြုပြင်ပြောင်းလဲရေးအတွက် ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းသာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီမီဒီယာဥပဒေမူကြမ်းကို ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF နဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေအပြင် ဥရောပနိုင်ငံတွေမှာ လေ့လာပြီး ရေးဆွဲထားတဲ့ ဥပဒေကြမ်းလို့ သိရပါတယ်။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာတင်ပြပြီး အတည်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။

ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သား ဦးဝင်းနိုင်တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။