မီဒီယာဥပဒေမူကြမ်းကို ရပ်ပြီး ဆွေးနွေးအဖြေရှာဖို့ ၈၈ မျိုးဆက်ကျောင်းသားများ တိုက်တွန်း


2013.03.14

ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းထားတဲ့  ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို  ရပ်ဆိုင်းထားပြီး စာနယ်ဇင်းအပါအဝင် သက်ဆိုင်ရာလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဖြေရှင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မီဒီယာဥပဒေမူကြမ်းလို့ လူသိများတဲ့ ဒီအဆိုပြုထားတဲ့ မူကြမ်းကြောင့်  အနာဂတ် သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် သံသယဖြစ်စရာတွေ အငြင်းပွားစရာတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ယူဆတဲ့အတွက်  အခုလို ကြေညာချက်ထုတ်ပြန် တောင်းဆိုရတာပါလို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုပြုံးချိုက ပြောပါတယ်။

"ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းမူကြမ်းက စာနယ်ဇင်းလောကမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်၊ အဲ့ဒီတော့ မီဒီယာ လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေ မပေါ်ပေါက်အောင် ရှေ့ဆက်ပြီးတော့ နိုင်ငံပြုပြင်ပြောင်းလဲမှုတွေမှာ အရေးကြီးတဲ့ကဏ္ဍနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ထုတ်နိုင်အောင် သံသယရှိစရာ စိုးရိမ်ရမယ့်ကိစ္စတွေကို ပြေပျောက်အောင်အတွက် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ရပ်ဆိုင်းထားပြီးတော့ ကျယ်ပြန့်စွာဆွေးနွေးမှုတွေနဲ့ ညှိနှိုင်းစွာဆောင်ရွက်တဲ့ ထုတ်ပြန်မှုတွေရှိဖို့ပါ"

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မီဒီယာရဲ့ အခန်းကဏ္ဍက အလွန်အရေးပါတာကြောင့်  ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းဟာ စာနယ်ဇင်းအပါအဝင် ကျယ်ပြန့်တဲ့ကိုယ်စားပြုမှုနဲ့ မီဒီယာလွတ်လပ်ခွင့်ကို အထောက်အကူပြုဖို့ လိုအပ်တယ်လို့လည်း ၈၈ကျောင်းသားတွေက ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေက ပြဌာန်းချက်တချို့မှာ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ထားသလို ချိုးဖောက်ရင် ထောင်ဒဏ် ငွေဒဏ် ချမှတ်ဖို့လည်း ခွင့်ပြုထားပါတယ်။

ဒီဥပဒေကို ရုတ်သိမ်းဖို့ သတင်းလွတ်လပ်ခွင့်ကော်မတီက မတ်လ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။