နိုင်ငံတကာအကူအညီနဲ့ မီဒီယာ လွတ်လပ်ခွင့် ဆူရာကီယတ် အကြံပေး
2018.01.06

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ ဥက္ကဌ ဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart ဆူရာကီယတ် က ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေနဲ့ သတင်းထောက်တွေ လွတ်လပ်စွာ သွားလာခွင့်ပြုသင့်ကြောင်း မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
တဆက်တည်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ပြစ်တင်ဝေဖန်မှုကို ရင်ဆိုင်နေရသလို ပြည်တွင်းနိုင်ငံရေးအခက်အခဲနဲ့လည်း ကြုံတွေ့နေရတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Surakiart ဆူရာကီယတ် က ပြောပါတယ်။ ဒါကြောင့်လည်း သူမ အနေနဲ့ အဖွဲ့အစည်းတစ်ခုခု လူတစ်ဦးတယောက်ကို အပြစ်တင်ဝေဖန်ခြင်းမပြုဘဲ အားလုံးလက်ခံနိုင်မယ့် အနေအထားတရပ်ကို ရရှိဖို့ကြိုးစားနေရပါတယ်၊ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက် ပြီး ပြည်တွင်းနဲ့ပြည်ပ ရှုမြင်သုံးသပ်ပုံက အလွန်အမင်းကွာခြားနေပါတယ်။ အဲဒီ ကွဲလွဲကွာဟချက် ၂ ခုကို ကျနော်တို့ ပေါင်းကူးတံတား မထိုးပေးနိုင်ဘူးဆိုရင် အခက်တွေ့ပါလိမ့်မယ်လို့လည်း သူက ပြောကြားပါတယ်။
မိမိတို့အဖွဲ့ဟာ တစ်ဦးတစ်ယောက်ရဲ့အလိုကျ သြဇာခံမဟုတ်ပါဘူး။ အပြောသက်သက် မဟုတ်ဘဲ တိုးတက်မှုတွေ ကို လက်တွေ့ဆောင်ရွက်ပြနိုင်တဲ့ အဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင်သူက နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနဲ့ တွေ့ဆုံခဲ့ရာမှာ ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းဖို့နဲ့ ဥပေဒဘောင်အတွင်း က ရသင့်တဲ့အခွင့်အရေးတွေ အားလုံးပေးဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းထောက် ၂ ယောက် ဖမ်းဆီးခံရမှုကြောင့် နိုင်ငံတကာသတင်းအဖွဲ့အစည်းတွေကို မြန်မာအစိုးရက နှစ်သက်လိုလားခြင်းမရှိဘူးဆိုတဲ့ အနေအထားမျိုး မပေါ်ပေါက်စေချင်ဘူးလို့လည်း သူက ပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအနန်ဦးဆောင်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာကို လက်တွေ့ အကောင် အထည်ဖေါ်ရေးအတွက် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ Surakiart Sathirathai ဆူရာကီယတ် ဆာသီယာထိုင်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ မြန်မာအစိုးရက ဖွဲ့စည်းခဲ့ပါတယ်။