စာနယ်ဇင်းကောင်စီကို ဝန်းရံကြဖို့ မီဒီယာသမားတွေ သဘောတူညီ
2014.07.26

သတင်းမီဒီယာအချင်းချင်း ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းကြဖို့နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ဝန်းရံကြဖို့အတွက် မီဒီယာသမားတွေက ဒီနေ့ သဘောတူညီချက် ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ ယုဇနဟိုတယ်မှာပြုလုပ်တဲ့ မီဒီယာ ဖိုရမ်ဆွေးနွေးပွဲမှာ သတင်းမီဒီယာတွေကို အကာ အကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေး ခဲ့ပြီးနောက် အခုလိုကြေညာချက် ထုတ်ပြန် လိုက်တာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။
"မီဒီယာသမားတွေ စုစုစည်းစည်းနဲ့ ညီညွှတ်တဲ့ အသံတစ်သံထွက်လာဖို့ ကြိုးစားတာပေါ့၊ ဒါပထမဆုံးအဆင့်ပေါ့၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း ကောင်စီကို ဝန်းရံဖို့လိုပါတယ်၊ နောက်တစ်ခုက ကျင့်ဝတ်ပိုင်းဆိုင်ရာအရလည်း အချင်းချင်းမှာ နှိုးကြားမှုရှိအောင် ထပ်လုပ်ဖို့ဟာတွေလည်းပါတယ်၊ ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းပေါ့နော်၊ ပြင်ပအစိုးရအာဏာပိုင်တွေ အဲ့လိုဝင်စွက်တဲ့ဟာကို မကြိုက်လို့ ကိုယ့်ဟာကိုယ်ထိန်းသိမ်းဖို့ ဆိုတဲ့ဟာတွေပါတယ်"
သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချနေမှု၊ ခေါ်ယူစစ်ဆေးနေမှုနဲ့ ပတ်သက်ပြီး မီဒီယာသမားတွေကို အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မီဒီယာဖိုရမ်ကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်တို့ကဦးစီးပြီး သတင်းမီဒီယာသမား ၅၀ ကျော်လောက် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။