ဝက်သက် ဖြစ်ပွားမှုကြောင့် အမေရိကကို လာမယ့် မြန်မာဒုက္ခသည်တွေ ဆိုင်းငံ့ထား
2011.09.24
သြဂုတ်လ ၂၄ ရက်နေ့က မီလ်ဝေါ့ကီးမြို့ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံက အသက် ၂ နှစ်အရွယ် ကလေးတဦးဟာ စက်တင်ဘာလ ၇ ရက်နေ့က ဝက်သက်ရောဂါ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တခြား ဒုက္ခသည် ၂ ဦးလည်း ဝက်သက်ရောဂါ ဖြစ်ပွားတာကို တွေ့ရှိခဲ့ရတယ်လို့ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေးဌာန CDC ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မလေးရှားကနေ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်ကို ရောက်ရှိလာတဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတဦးဟာလည်း ဝက်သက်ရောဂါ ဖြစ်ပွားနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ ကလေးနဲ့အတူ လေယာဉ်ခရီးစဉ် တခုတည်း အတူလာခဲ့တဲ့ တခြား ဒုက္ခသည် ကလေး ၃ ဦးဟာလည်း ဝက်သက်ရောဂါ ဖြစ်ပွားခဲ့ပါတယ်။ ဒီကလေးတွေဟာ ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးထားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ဒီကလေးတွေဟာ မလေးရှားမှာ ရှိနေစဉ်ကတည်းက ဝက်သက်ရောဂါ ကူးစက်ခဲ့တာလား၊ ဒါမှမဟုတ် လေယာဉ်ပေါ်ရောက်မှ ကူးစက်ခဲ့တာလား ဆိုတာ အတိအကျ မသိရသေးဘူးလို့ CDC တာဝန်ရှိသူတွေက ပြောပါတယ်။
လောလောဆယ် ရောဂါကူးစက် ပြန့်ပွားမှာကို ကာကွယ်တဲ့အနေနဲ့ မလေးရှားနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို လာရောက်မယ့် မြန်မာဒုက္ခသည်တွေကို ဆိုင်းငံ့ထားလိုက်ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဝက်သက်ရောဂါကြောင့် ကလေးတွေမှာ ကိုယ်အပူချိန် မြင့်တက်လာပြီး တကိုယ်လုံး အနီရောင်အဖုတွေ ထွက်လာပြီး အချိန်မီ ဆေးကုသနိုင်ခြင်း မရှိရင် အသက် ဆုံးရှုံးနိုင်ပါတယ်။ ၂ဝဝ၈ ခုနှစ် စာရင်းတွေအရ ကမ္ဘာတဝှန်း ဝက်သက်ရောဂါကြောင့် သေဆုံးရသူ ကလေးဦးရေ ၁ သိန်း ၆ သောင်းကျော် ရှိခဲ့ပါတယ်။