မန္တလေးမြို့ ဗုံးပေါက်ကွဲမှု အစွန်းရောက်လက်ချက်ဟု ဦးဝီရသူဆို
2013.07.22
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီး လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲ ခဲ့တဲ့ဖြစ်ရပ်ဟာ အစ္စလာမ်အစွန်းရောက်တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။
ဒီလုပ်ရပ်ဟာ အစ္စလာမ် အစွန်းရောက်တွေရဲ့လုပ်ရပ်ပါ၊ သာမန်ရိုးရိုး မွတ်စလင်ဘာသာဝင်တွေက ဒီလိုမျိုးမလုပ်ပါဘူးလို့ ဆရာတော် ဦးဝီရသူက မိန့်ကြားကြောင်း AP သတင်းက ဖေါ်ပြပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့အပြီး RFA က ဆက်သွယ်လျှောက်ထားခဲ့ရာမှာ ပြီးခဲ့တဲ့သီတင်းပတ်လောက်က ခြိမ်းခြောက်တဲ့ စီဒီခွေတစ်ခွေ ထွက်လာတာတွေ့ရတယ်လို့ ဦးဝီရသူက မိန့်ခဲ့ပါတယ်။
ဦးဝီရသူ တရားဟောတဲ့နေရာနဲ့ အနည်းဆုံး ကိုက်တစ်ရာအကွာမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး၊ လူ ၅ ယောက် ဒဏ်ရာအနည်းငယ်စီ ရခဲ့ကြပါတယ်။
ပေါက်ကွဲခဲ့တဲ့ဗုံးဟာ အသေးစားလက်လုပ်ဗုံးဖြစ်မယ်လို့ ရဲကခန့်မှန်းပြောဆိုခဲ့ပေမဲ့၊ အသေးစိတ်စစ်ဆေးမှုတွေဆောင်ရွက်ပြီးမှသာ အသေးစိတ်ပြောနိုင်မယ်လို့ ဆိုပါတယ်။