မန္တလေးက စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော် စားဝတ်နေရေး ခက်ခဲနေ
2024.06.02

၂၀၂၄ နှစ်ဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ထွက်ပြေးခဲ့ရတဲ့ မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်းနဲ့ ပြင်ဦးလွင်မြို့နယ်ထဲက ဒေသခံရှစ်ထောင်ကျော်ဟာ လက်ရှိမှာ နေထိုင်ရေးရော စားဝတ်နေရေးပါ ခက်ခဲနေပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် မတောင်၊ မန်ကျည်းကုန်း၊ ဆင်ညှပ်ကုန်းနဲ့ ကြာညှပ်ရွာ အပါအဝင် ရွာခြောက်ရွာက ဒေသခံငါးထောင်ခန့်၊ မတ္တရာမြို့နယ် ငါးလုံးပြွန်၊ ပင်းယ၊ ဥဒိန်နဲ့ မြွေတဲရွာတွေက ဒေသခံနှစ်ထောင်ခန့်နဲ့ ပြင်ဦးလွင်မြို့နယ်ထဲက ဒေသခံတစ်ထောင်ကျော်တို့ ဒီနေ့အထိ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
လက်ရှိ မိုးတွင်းဖြစ်တာကြောင့် စားသောက်ရေးထက် နေထိုင်ဖို့ အမိုးအကာတွေ ပိုလိုအပ်နေတယ်လို့ မတ္တရာမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကိုပြောပါတယ်။
"အဓိကကတော့ မိုးတွင်းဆိုတော့ လုံလုံခြုံခြုံလေးသာနေရရင် မဖျားမနာကြတော့ အဆင်ပြေတယ်လေ။ ဘာနဲ့ပဲ စားရစားရ အဆင်ပြေသေးတယ်။ အခုက ဖြစ်သလိုနေနေရတော့ မိုးများရင် တော်တော်လေး ဒုက္ခရောက်နေကြပါတယ်"
ထွက်ပြေးနေရတဲ့ ဒေသခံတွေထဲမှာ အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေပါ ပါဝင်နေတာကြောင့် ဖျားနာသူတွေရှိပြီး ဆေးဝါးပစ္စည်းတချို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ဘေးဒုက္ခသည်အများစုဟာ တောင်ယာလုပ်ငန်းတွေကို ပစ်ထားခဲ့ရပြီး စစ်ကြောင်းတွေနဲ့ လွတ်နိုင်မဲ့ နေရာတွေမှာပဲ ဒီနေ့အထိ ရှောင်ပုန်းနေရတာကြောင့် ဝင်ငွေမရှိကြဘဲ အခက်အခဲတွေနဲ့ ရပ်တည်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။