မန္တလေး - မူဆယ် ကုန်တင်ခ ထက်ဝက်ကျော်မြင့်တက်


2016.11.25
muse-mdy-truck-620.jpg မန္တလေး - မူဆယ်ကားလမ်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့ကနေ မူဆယ်ကိုသွားတဲ့ ကုန်ကား အရေအတွက်နည်းပါးနေပြီး ကုန်စည်တင်ဆောင်ခတွေဟာလည်း တစ်တန်ကို ထက်ဝက်ကျော်မြင့်တက်လာ တယ်လို့ မန္တလေးအခြေစိုက် ကုန်သည်တွေက ပြောပါတယ်။

ကုန်ကားမောင်သူတွေ အပစ်ခံရတဲ့အတွက် ရှမ်းပြည်နယ်ဘက်ကိုသွားလိုသူ ကားဆရာနည်းပါးနေပြီး ကုန်စည်တင်ဆောင်ခဟာလည်း အရင်က တစ်တန်ကို ငွေကျပ် ၆ သောင်းရှိရာကနေ လက်ရှိအချိန်မှာ တစ်သိန်းအထိ ဈေးပေါက်နေတာဖြစ်တယ်လို့ မန္တလေးကနေ မူဆယ်ကို သစ်သီးတင်ပို့တဲ့ကုန်သည် ကိုစိုင်းမင်းသူနိုင်က ပြောပါတယ်။

"အဲဒါ ၂၃ ရက်နေ့လောက်နေ စတက်တာပေါ့၊ လမ်းမှာကားဆရာတွေ အပစ်ခံရတယ် အဲလိုကြားပြီးတော့ မတက်ရဲတော့ဘူး၊ ကားတွေတော့ မန္တလေးတို့၊ ရန်ကုန်၊ ပဲခူးတိုင်းတို့ အဲလိုအပြီးထွက်တဲ့နေရာမှာတော့ ရှိတယ် ဒါပေမဲ့ ကားဆရာတွေကမတက်ရဲတော့ ကားခကတက်သွားတာပေါ့နော်၊ ခါတိုင်းအရင်က တစ်တန်ကို ခြောက်သောင်းပေးရာကနေ တစ်သိန်းအထိပေးရတာတောင် လိုက်တဲ့လူက ခပ်ရှားရှားပေါ့နော်"

ရှမ်းမြောက် မူဆယ်ကိုသွားတဲ့လမ်းမှာ အခုရက်ပိုင်းမှာပဲ ကုန်ကားမောင်းသူနှစ်ဦး သေဆုံးခဲ့လို့ ကုန်ကား သမားတွေ မသွားရဲဖြစ်နေသလို ကုန်ပစ္စည်းတင်ပို့ခတွေ ဈေးတက်နေတာ ဖြစ်ပါတယ်။

အရင်က မန္တလေးကနေ မူဆယ်ကို ဖရဲ၊ သခွားမွှေး ကုန်ကား တစ်နေ့ကို အစီးရေ ရာချီရှိခဲ့ပေမယ့် အခုရက်ပိုင်းမှာ မူဆယ်ကို ကုန်ပို့လာတဲ့ သစ်သီးကုန်ကားစီးရေက ထက်ဝက်ခန့်လျော့ကျသွားပါတယ်။

အခုချိန်က မြန်မာနိုင်ငံကထွက်တဲ့ ဖရဲ၊ သခွားမွှေးကို တရုတ်ကဝယ်လိုအားရှိတဲ့ ရာသီဖြစ်တဲ့အချိန်မှာ အခုလို ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်မှာ နယ်မြေမတည်ငြိမ်တာကြောင့် ကုန်စည်စီးဆင်းမှုမှာ နှောင့်နှေး ကြန့်ကြာမှုတွေဖြစ်ပြီး ကုန်ပို့ခဈေးနှုန်းတွေလည်း မြင့်တက်နေတာဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အခုလ ၂၀ ရက်နေ့ကစပြီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့က ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ရာကနေ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။