မန်းအစိုးရရဲ့ တစ်နှစ်ခွဲအတွင်း အောင်မြင်မှု
2017.09.12
အစိုးရသက်တမ်းတစ်နှစ်ခွဲအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအနေနဲ့ တင်ဒါပိုငွေ ကျပ်ငွေ ၄ ဘီလီယံရရှိခဲ့ပြီး အဲဒီငွေတွေကိုအားလုံးကို ကျေးလက်ဒေသလမ်းတွေနဲ့လျှပ်စစ်မီးရရှိရေးအတွက် သုံးစွဲနိုင်ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ဒီကနေ့ မန္တလေးမြို့က အစိုးရရုံးမှာ ပြုလုပ်တဲ့ RFA သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းချက်မှာ ဝန်ကြီးချုပ်က တခါမှ မဖြစ်ဖူးတဲ့ တင်ဒါပိုငွေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နိုင်ခဲ့ကြောင်း အစိုးရသက်တမ်း တစ်နှစ်ခွဲအတွင်း သိသာတဲ့ အောင်မြင်မှုကို ပြောပြတာ ဖြစ်ပါတယ်။
“ပြောရလို့ရှိရင် ကျနော်တို့ကို အကဲဖြတ်တဲ့နေရာမှာ ကျနော်နဲ့ ဖြိုးမင်းသိန်းက အမှတ်တူတူရ တာပေါ့နော်။ ကျနော်တို့ လူထုရဲ့စစ်တမ်းထဲမှာ ဆိုတော့ပြောရလို့ရှိရင် ကျနော်တို့ မန္တလေးတိုင်းဒေသ ကြီးရဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ခဲ့လိုက်တဲ့အခါ ရတဲ့ဘတ်ဂျက်အကုန်လုံးက ကျေးလက် ဖွံ့ဖြိုးရေးကို လုပ်လိုက်တဲ့အတွက် ကျနော်တို့ ဒီအမှတ်အပြည့်ရပါတယ်။ အထူးသဖြင့် တင်ဒါပိုငွေကို ကျနော်တို့ ၄ ဘီလီယံကျော်အောင် ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အရင်တုန်းကဆိုရင် တင်ဒါပိုငွေမရှိဘူး။ သန်း၆၀၀ တန်နဲ့ ကျလာတဲ့ ဆေးရုံတစ်ရုံ သန်း ၆၀၀ စလုံး ကုန်အောင်သုံးပစ်တယ်။ ကျနော်တို့ လက်ရှိ ၁ နှစ် စတာဝန်ယူလိုက်တဲ့အခါမှာတော့ တင်ဒါတွေကို PAE စနစ်နဲ့ တွက်ချက်ပြီးတော့ ပေးလိုက်တဲ့အခါ ၄ ဘီလီယံတိတိ တင်ဒါပိုငွေရှိတယ်။ တခါမှဒီလိုမျိုး မဖြစ်ဖူးဘူး။”
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၁ နှစ်ခွဲအတွင်း ကျေးရွာပေါင်း ၄၀၀ ကျော်မီးလင်းခဲ့ပြီး အဝီစိတွင်းပေါင်း ရာကျော်ကို တူးပေးနိုင်ခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက်ဆိုရင် ကျေးရွာတွေ မီးလင်းရမယ်၊ လမ်းတံတားတွေ တည်ဆောက်ရမယ်၊ ရေရရှိရမယ်ဆိုတဲ့ လမ်းညွှန်ချက်ချပေးထားကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
စိန်ခေါ်မှုတွေထဲမှာ အဆင့်မြင့်အရာရှိတချို့ရဲ့ အပြောင်းအလဲကို မလိုလားမှုတွေနဲ့ ရင်ဆိုင်နေရတာကို သူကိုယ် တိုင်လည်း ခံနေရကြောင်း သို့သော်လည်း ကောင်းတဲ့ဝန်ထမ်းတွေလည်း အများအပြားရှိကြောင်း ပြောပါတယ်။ တိုင်းပြည်ရှေ့ဆက်ဖို့ဆိုရင် Civil Service Reform အစိုးရဝန်ထမ်း ပြုပြင်ပြောင်းလဲမှု လိုအပ်နေကြောင်း မဖြစ်မနေလုပ်ရမှာဖြစ်ကြောင်း ပြောပါတယ်။
အတိုက်အခံ နိုင်ငံရေးသမားဘဝတုန်းကလည်း ဒုက္ခတွေရှိသလို အစိုးရအဖွဲ့ဝန်ကြီးချုပ်ဘဝမှာလည်း လူထု ရဲ့လိုအပ်ချက်တွေ များလွန်းတဲ့အတွက် ဒုက္ခတမျိုးဖြစ်ကြောင်း ပြောပါတယ်။ မုန်းသူနဲ့ချစ်သူတွေမှာ ရွေးကောက် ပွဲတုန်းက မဲမနိုင်ခဲ့တဲ့ ရမည်းသင်း ပျော်ဘွယ်လိုဒေသတွေကိုရောက်ရင် လူထုရဲ့ ထောက်ခံမှုတွေ တွေ့ရတဲ့ အတွက် လက်ရှိအစိုးရကို ချစ်တဲ့သူက များကြောင်း ပြောပါတယ်။