ကမ္ဘာ့အလုပ်သမားနေ့ ရခိုင်နှင့် ရန်ကုန်တို့တွင် ကျင်းပ

ဒီကနေ့ကျရောက်တဲ့ ၁၂၂ ကြိမ်မြောက် မေးဒေးနေ့ ခေါ် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂက ဦးဆောင်ပြီး ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

2012.05.01
mayday-rangoon-b305 ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော ၁၂၂ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး စကားပြောဆိုနေစဉ်။
RFA

ဒီအခမ်းအနားမှာ အလုပ်သမား လယ်သမား အခွင့်အရေးတွေ အပြည့်အ၀ ရရှိဖို့နဲ့ လွတ်လပ်တဲ့ သမဂ္ဂအဖွဲ့အစည်းတွေ ဖွဲ့နိုင်ဖို့ဆိုပြီး တောင်းဆို ဆုံးဖြတ်ချက် ၅ ခုထုတ်ပြန်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ဦးစိုးလေးက အာအက်ဖ်အေ ကို ပြောပါတယ်။

လွတ်လပ်သော သမဂ္ဂ အဖွဲ့အစည်းများ မှတ်ပုံမတင်နိုင်သော ကန့်သတ်ချုပ်ချယ်မှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရန်၊ လယ်သမား အခွင့်အရေး ဥပဒေ ရေးဆွဲရာတွင် လွတ်လပ်သော တောင်သူလယ်သမားနှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန်၊ အစိုးရ ရုံးပိတ်ရက်များတွင် ကာယ ညာဏ အလုပ်သမားထု အားလုံး အလုပ်ပိတ်ရက်နှင့် လုပ်ခလစာ အပြည့်ရရှိရန်၊ မြေယာစီမံခန့်ခွဲမှု အဖွဲ့ ဖွဲ့စည်းရာတွင် အဂတိ လိုက်စားမှု ကင်းရှင်းရေးနှင့် လယ်သမား အခွင့်အရေးများ ကာကွယ်နိုင်ရန်အတွက် လွတ်လပ်သော တောင်သူလယ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ပေးရန်၊ အဓမ္မ လုပ်အားခိုင်းစေမှုနှင့် ကလေးစစ်သားများ စုဆောင်းအသုံးပြုနေခြင်း တို့ကို သုံးနှစ်သက်တမ်းတိုး ခွင့်ပြုထားခြင်းအပေါ် ချက်ချင်းရပ်တန့်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။

မေးဒေးနေ့ အခမ်းအနားကို ဒေသခံတောင်သူလယ်သမားတွေနဲ့ စက်ရုံအလုပ်သမား ၄၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး အခုလို တောင်းဆို ဆုံးဖြတ်ကြောင်း၊ ထုတ်ပြန်လိုက်ရတာနဲ့ပတ်သက်ပြီးတော့လည်း ဦးစိုးလေး က -

"ကျနော်တို့မှာ အလုပ်သမားအခွင့်အရေး လယ်သမားအခွင့်အရေး အများကြီး ဆုံးရှုံးနေတာ ရှိပါတယ်။ အခု လွှတ်တော်မှာ ဆိုရင်လည်း သူတို့ ဥပဒေတွေ ရေးဆွဲနေတဲ့အခါမှာ လယ်သမား အလုပ်သမားတွေရဲ့ ဥပဒေတွေကို ရေးဆွဲမယ်ဆိုလို့ရှိရင် လယ်သမား အလုပ်သမား ကိုယ်စားလှယ်တွေ ပါဝင်ဖို့လည်း လိုအပ်တယ်၊ နောက်ပြီးတော့ ဒီ အိုင်အယ်လ်အို နဲ့ ပတ်သက်လို့ရှိရင် သူတို့က အဓမ္မလုပ်အားပေးကို နောက်ထပ် ၂၀၁၅ အထိမှာမှ အပြီးသတ်မယ်ဆိုတာ ကျနော်တို့က မကြေနပ်နိုင်ဘူး။"

ဒီကနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် ဂွမြို့အပြင် ရန်ကုန်တိုင်း သုံးခွမြို့နဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခမ်းမ တွေမှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂက ဦးဆောင်ပြီး တစ်ပြိုင်တည်း ကျင်းပခဲ့ကြကြောင်း သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂအဖွဲ့ကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက တရားဝင် မှတ်ပုံတင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။