မော်လိုက်က စစ်ဘေးဒုက္ခသည် ၁၄၀၀၀ ကျော် ဆေးဝါးနဲ့စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
2022.12.25

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၃ ရွာကနေ နေရပ်စွန့်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးဒုက္ခသည် ၁၄၀၀၀ ကျော်အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လိုက်မြို့နယ်ထဲက ယူးဝ၊ မန်းကျည်းတန်း၊ ပရောက်၊ တပ်ကုန်း၊ ယောစု၊ ဝဲကသာ၊ ဝါးရုံသာ၊ ပန်းသာ၊ ခါဝဲ၊ ရေခါတွန်၊ ကုန်းခါတွန်၊ မှော်ကူးနဲ့ တွန်းပင် စတဲ့ရွာတွေက နေအိမ်စုစုပေါင်း ၆၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံတွေ အားလုံး ဘေးလွတ်ရာ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ အသက်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တချို့ပါ ပါဝင်ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတာလို့ အမည်မဖော်လိုတဲ့ ဝဲကသာ ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကိုယ်ဝန်ဆောင်တွေဆိုလည်း ပြေးရင်းလွှားရင် မီးဖွားရတာတွေ ရှိတယ်။ ဘာမှ ပြည့်ပြည့်စုံစုံမရှိတော့ အရမ်းအခက်အခဲ ဖြစ်တယ်။ ကလေးမီးဖွားပြီးတော့ အကိုက်အခဲ ပျောက်ဆေးလေး သောက်ချင်လို့တောင် မရှိပါဘူး။ အခုဆို ရာသီဥတုက အေးလာတော့ နေမကောင်းတာတွေ ရှိတယ်။ စားနပ်ရိက္ခာဆိုလည်း ဆန်၊ ဆီ၊ ဆား အခြေခံ စားသောက်စရာတွေ လိုအပ်နေပါတယ်"
စစ်ကောင်စီတပ် စစ်ကြောင်းတွေက မြေပြင်ရောဝေဟင်ကပါ ပစ်ခတ်ခဲ့သလို ရွာတွေကို စီးနင်းဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲနဲ့ တောင်ယာတွေမှာပဲ ဖြစ်သလို နေနေရတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ စစ်ကိုင်းတိုင်း အတွင်းက စစ်ဘေးဒုက္ခသည်တွေကို အခြေခံ စားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြာဆံတွေ ထောက်ပံ့နေတယ်လို့ ဒီဇင်ဘာလအတွင်းမှာ RFA ကို ဖြေဆိုထားပါတယ်။
စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေနဲ့ ဒေသခံတွေကတော့ အဲဒီထောက်ပံ့မှုတွေဟာ စစ်ဘေးဒုက္ခသည်တွေ လက်ထဲကို ရောက်မလာဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ၆၁၆,၅၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။