ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် ကို လွှတ်ပေးဖို့ မောင်တောမှာ ဆန္ဒပြ
2018.02.04

လက်နက်ကိုင် တော်လှန်ရေးအတွက် ဟောပြောခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ်၊ မောင်တောမြို့ က ဒေသခံ ၇၀၀ ခန့်က ဒီနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို ပြန်လွှတ်ပေးဖို့အပြင် ဆန္ဒပြသူ ၇ ယောက် သေဆုံး ခဲ့တဲ့ မြောက်ဦးကိစ္စ အမှန်တရားပေါ်ပေါက်ဖို့နဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေးရဖို့ပါ တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ မောင်တောမြို့ လူမှုကွန်ယက်အဖွဲ့ခေါင်းဆောင် ဦးစိန်လှဖြူ က ပြောပါတယ်။
"ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်ကို ချက်ချင်းလွှတ်ဆိုပြီး ကျနော်တို့က ပထမအနေနဲ့ တောင်းဆို တယ်။ နောက်ဒုတိယက မြောက်ဦးအရေး အမှန်တရား ပေါ်ပေါက်ရေးဆိုပြီး ဒုတိယအနေနဲ့ တောင်းဆို တယ်။ တတိယကတော့ မြောက်ဦးအရေးနဲ့ ပတ်သက်တဲ့ လူငယ်များကို ဖမ်းဆီးတာ ချက်ချင်းရပ် ဖို့ တောင်းဆိုတယ်။ နံပါတ် ၄ အချက်က တိုင်းရင်းသား တန်းတူအခွင့်အရေးရရှိရေးဆိုပြီး တောင်း ဆိုတယ်"
ဆန္ဒပြပွဲကို ခွင့်ပြုမိန့် ရယူပြီးမှ ပြုလုပ်တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ မောင်တောမြို့၊ မြို့မ ဘုန်းတော်ကြီးကျောင်းကနေ မြို့ကို တစ်ပတ်ပတ်ပြီး ဆန္ဒပြတောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်ပိုင်းက ရသေ့တောင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲမှာ ဗမာ့ကျွန်အဖြစ်က လွတ်မြောက်အောင် ကြိုးပမ်းဖို့နဲ့ တော်လှန်ရေး လုပ်ဆောင်ဖို့ ဟောပြောခဲ့တယ်ဆိုပြီး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
သူတို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုထားပါတယ်။