မောင်တော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ပြည်နယ် လွှတ်တော်ထံ တင်ပြဖို့ အဆိုတင်


2017.11.22
maungohn-maungtaw-mp-parliament-622.jpg မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ထံ ပွင့်ပွင့်လင်းလင်းတင်ပြပေးဖို့ ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။

အဆိုကိုတင်သွင်းခဲ့တဲ့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက အစိုးရအနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို လွှတ်တော်ကိုတင်ပြတာမရှိတဲ့အတွက် အခုလို အဆိုတင်သွင်းတာလို့ ပြောပါတယ်။

"သူတို့ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စကို ပြည်သူတွေက မသိရဘူးလေ၊ လွှတ်တော် ကလည်း မသိရဘူးလေ၊ အဲကိစ္စနဲ့ပတ်သက်ပြီး ကျနော်ကမေးတာပါ၊ လွှတ်တော်က အလကားလွှတ်တော် လိုဖြစ်နေတယ်လေ၊ အစိုးရအဖွဲ့လုပ်တာ ကျနော်တို့လွှတ်တော်ကို ဘာမှအစီရင်ခံစာပို့တာ မရှိဘူးလေ၊ အဲဒါကြောင့် ကျနော်တင်ရခြင်းဖြစ်ပါတယ်"

အစိုးရအနေနဲ့ ပြည်သူနဲ့လက်တွဲပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကြွေးကြော်ထားပေမယ့် လက်ရှိဆောင်ရွက်နေတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေ သိခွင့်မရကြဘူးလို့လည်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းတချို့အတွက် ကုမ္ပဏီတွေကိုလေလံပေးပြီးမှ လွှတ်တော်ကို တင်ပြလာတာ မျိုးတွေလည်း ရှိနေတဲ့အတွက် အဲဒီစီမံကိန်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို လွှတ်တော်ကနေ ထောက်ပြပြောဆိုနိုင်ခြင်း မရှိတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုသိခွင့်ရှိမှ အားသာချက်၊ အားနည်းချက်တွေကို လွှတ်တော်ကနေတဆင့် ထောက်ပြနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အစိုးရအဖွဲ့ဥပဒေ အခန်း(၄)၊ ပုဒ်မ-၄၂(ခ)အရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လွှတ်တော်ထံ အစီရင်ခံစာတင်ဖို့ လိုအပ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက လွှတ်တော်မှာ ထောက်ပြခဲ့ပါတယ်။

အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။