ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ပြန်လာမယ့်သူတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဆွေးနွေး


2017.10.31
muslim-flee-622.jpg ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်စလင်တွေကို တွေ့ရစဉ်
Photo: UNHCR in Bangladesh Facebook

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို အစိုးရကပြန်လည်လက်ခံပြီး တိုင်းရင်းသားကျေးရွာတွေအနီးမှာ မူလအနေအထားအတိုင်း ပြန်လည်နေရာချထားမယ်ဆိုရင် ဌာနေတိုင်းရင်း သားတွေအားလုံး နေရပ်စွန့်ခွာကြဖို့ မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာ ၃၆ ရွာ က ဒေသခံတွေ မနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာမှာ မနေ့က အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ ကြတာဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ အောင်သာယာကျေးရွာခံ ဦးကျော်ဝင်းကပြောပါတယ်။

ဒီဘင်္ဂလီတွေကို ပြန်ပြီးတော့ တိုင်းရင်းသားရွာနဲ့ အနီးအနားက နေရာတွေမှာ နေရာချထားလာတဲ့အခါ အကုန်လုံးက ဒေသကို စွန့်ခွာဖို့ ဆုံးဖြတ်ကြတယ်ဗျ။ သူတို့နဲ့ နီးနီးကပ်ကပ် နေလာခဲ့တာလည်း နှစ်ပေါင်းတော့ မနည်းတော့ဘူးဗျာ။ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ ကျနော်တို့ဘက်က ဘာမှ သူတို့ကို ရန်စ၊ ရန်ငြိုးလုပ်ခဲ့တာ မရှိဘူး။ သူတို့တွေပဲ ကျနော်တို့ကို ရန်စ၊ ရန်ငြိုးလုပ်တယ်။ အခါပေါင်းလည်း မနည်းတော့ဘူး။ ငါးနှစ်အတွင်းမှာတောင် ကျနော်တို့ သုံးကြိမ်ခံခဲ့ဖူးပါပြီ။ တစ်ကြိမ်ထက် တစ်ကြိမ်က လည်း ပိုပိုပြီးဆိုးလာတယ်။ အဲဒါကြောင့် သူတို့နဲ့က ဘယ်လိုမှ အတူနေထိုင်လို့ကတော့ လုံးဝမရတော့ဘူး

ဌာနေတိုင်းရင်းသားတွေဟာ အသက်အန္တရာယ်အတွက် စိုးရိမ်မှုတွေရှိနေသေးတာကြောင့် တဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားခဲ့ကြသူတွေကို အစိုးရက အဆောတလျင် လက်ခံတာတွေမလုပ်ဖို့၊ ပြန်လည် လက်ခံမယ့်သူတွေထဲမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် တိတိကျကျစိစစ်ပြီး ကန့်သတ်နယ်မြေတစ်ခုထဲမှာ လုံခြုံရေးအစောင့်အရှောက်နဲ့ထားဖို့၊ တိုင်းရင်းသားတွေကို လယ်ယာမြေပိုင်ဆိုင်မှုတွေပေးဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို အဆောတလျင်ဝင်ရောက်ခွင့်မပြုဖို့ စတဲ့အချက်တွေကို အစိုးရထံ တင်ပြတောင်းဆိုဖို့လည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

မနေ့က မောင်တောမြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာပေါင်း ၄၈ ရွာအနက် အောင်ဇေယျ၊ အောင်သာယာ ၊ ခြံပြင်၊ တရိမ်း၊ မင်းကြီး၊ တမန်းသား၊ အောင်သပြေ စတဲ့ကျေးရွာပေါင်း ၃၆ ရွာကဒေသခံ ၁၅၀ လောက် တက်ရောက်ဆွေးနွေးကြတာလို့ သိရပါတယ်။

မောင်တောဒေသကနေ နီးစပ်ရာမြို့နယ်အသီးသီးကို ထွက်ပြေးရောက်ရှိနေကြသူတွေကို နိုဝင်ဘာလ ၂ ရက်နေ့နောက်ဆုံးထားပြီး နေရပ်ကိုပြန်ကြဖို့ အစိုးရက စာထုတ်ထားပါတယ်။

ဒေသခံတချို့နေရပ်ပြန်တာတွေရှိပေမယ့် နေအိမ်တွေ မီးလောင်သွားတဲ့ဒေသခံတွေအတွက် နေထိုင်ရေး အဆင်သင့်မဖြစ်သေးတာကြောင့် နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေမှာ မှီခိုနေရတယ်လို့လည်း အောင်သာယာ ရွာခံ ဦးကျော်ဝင်း ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။