ဒုက္ခသည်တွေကို စစ်တွေမှာ နေရာချထားပေး
2016.10.20

ရခိုင်ပြည်နယ် မောင်တောမြို့ကနေ စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည် ၁ဝဝဝ ကျော်ကို စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက် ဓညဝတီအားကစားကွင်းမှာ ရွက်ဖျင်တဲတွေနဲ့ ဒီနေ့ကစတင်ပြီး အစိုးရ က နေရာချထားပေးနေပါတယ်။
ထွက်ပြေးတိမ်းရှောင်လာသူတွေအနေနဲ့ တစုတစည်းတည်းဖြစ်အောင် နေရာချထားပေးတာဖြစ်ပြီး နေရပ် ကိုပြန်မယ်ဆိုရင်လည်း အစိုးရက စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။
"ပြည်နယ်အစိုးရအဖွဲ့က ဓညဝတီဘောလုံးကွင်းမှာ ရွက်ဖျင်တဲ့တွေထိုးပြီးတော့ နေရာချထားပေးတာပေါ့၊ ဒီနေ့ ဘုန်းကြီးကျောင်းတွေကနေ ပြောင်းရွှေ့နေပြီ၊ သူတို့နေရာမှာ ငြိမ်းချမ်းပြီဆိုရင် အစိုးရအဖွဲ့က လိုအပ်တာတွေကို ကူညီပံ့ပိုးပေးပြီးတော့ ပြန်နိုင်အောင်စီစဉ်ပေးနိုင်မှာပါ"
ဒီဒုက္ခသည်တွေဟာ မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ပြီးခဲ့တဲ့အပတ်လောက်က စတင်ပြီး စစ်တွေမြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို တဖြည်းဖြည်း ထွက်ပြေးရောက်ရှိလာကြတာဖြစ်ပါတယ်။
မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ယာယီခိုလှုံနေတဲ့ မောရဝတီ၊ ကိုင်းကြီး၊ ဥဒေါင်း စတဲ့ ကျေးရွာတွေက ဒေသခံ ၁ဝဝ ကျော်ကတော့ ဒီကနေ့မှာ နေရပ်အသီးသီးကို ပြန်သွားကြပြီလို့လည်း သိရပါတယ်။
ဘူးသီးတောင်မြို့ကို ထွက်ပြေးရောက်ရှိလာသူတွေကိုလည်း နေရပ်ကိုပြန်လိုက ပြန်ကြဖို့အကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ ဒုက္ခသည်တွေနဲ့ လာရောက်တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ထွက်ပြေးတိမ်းရှောက်လာကြသူ အတော်များများကတော့ လုံခြုံရေးစိတ်မချရသေးတဲ့အတွက် နေရပ် ကိုပြန်ဖို့ ငြင်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။
မောင်တောမြို့နယ်ကနေ မောင်တောမြို့၊ ဘူးသီးတောင်မြို့နဲ့ စစ်တွေမြို့တွေကို ထွက်ပြေးတိမ်းရှောင်လာသူ အရေအတွက်ဟာ ၃ဝဝဝ ကျော်လောက် ရှိပါတယ်။