မောင်တော တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း
2016.12.01

ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက် မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီဇင်ဘာ ၁ ရက်နေ့ မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
ကော်မရှင်အနေနဲ့ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေရဲ့နောက်ခံအခြေအနေ၊ ဖြစ်ပွားပုံနဲ့ ထိခိုက်ပျက်စီးမှုတွေအပြင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြင်ပက စွပ်စွဲချက်တွေ မှန်ကန်မှု ရှိ မရှိ စတာတွေကို စုံစမ်းစစ်ဆေးရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ လူပုဂ္ဂိုလ်တွေကို လိုအပ်သလို ခေါ်ယူမေးမြန်းခြင်းနိုင်ကြောင်းနဲ့ လိုအပ်တဲ့နေရာတွေကို သွားရောက်စစ်ဆေးနိုင်ကြောင်း လည်း နိုင်ငံတော်သမ္မတရဲ့ အမိန့်မှာ ဖေါ်ပြပါရှိပါတယ်။
အဖွဲဝင် ၁၃ ဦးပါဝင်တဲ့ အဲဒီကော်မရှင်မှာ ဒု သမ္မတ ဦးမြင့်ဆွေက ဥက္ကဌ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့ လာသုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်မြင့်ဖေ က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မယ်လို့ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်ကြေညာစာမှာ ဖေါ်ပြထားပါတယ်။
မနေ့က ဖွဲ့စည်းလိုက်တဲ့ မောင်တောဒေသ တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ရှာဖွေတွေ့ရှိချက်နဲ့ အကြံပြုချက်တွေပါဝင်တဲ့ အစီရင်ခံစာကို လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ပြရမှာဖြစ် ပါတယ်။
ဒီအတောအတွင်း မောင်တောမြို့နယ်မှာ အောက်တိုဘာ ၉ ရက်နေ့ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁ ရက်နေ့အထိ ဖမ်းဆီးစစ်ဆေးခဲ့သူ ၅၂၈ ဦးရှိကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့စွဲနဲ့ အစိုးရက ကြေညာ လိုက်ပါတယ်။ အဲဒီ ဖမ်းဆီးခဲ့သူ ၅၂၈ ဦးအနက် ပြစ်ဒဏ်ပေးခဲ့သူ ၄၈ ဦး၊ ပြန်လွတ်သူ ၉ ဦး၊ အာမခံပေးခဲ့သူ ၁ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီး စစ်ဆေးဆဲ ၄၆၆ ဦးရှိကြောင်းလည်း ပြောပါတယ်။ ဖမ်းဆီးခဲ့သူတွေထဲက သေဆုံးသူ ၄ ဦးဟာ ဘယ်လိုအကြောင်းတွေကြောင့် သေဆုံးရတာလဲ ဆိုတာကိုတော့ မြန်မာအစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားခြင်းမရှိပါဘူး။