မောင်တောမှာ ဆရာ ၃၀၀ ကျော် ပိတ်မိနေ
2017.09.03

အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်မှာ ကျောင်းဆရာ၊ ဆရာမ ၃၀၀ ကျော်လောက် ပိတ်မိနေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါတယ်။
အဲဒီဆရာ၊ ဆရာမတွေဟာ မောင်တောမြို့နယ် အနှံ့အပြားမှာ ပိတ်မိနေတာဖြစ်ပြီး အစိုးရက စားနပ်ရိက္ခာတွေ ပေးပို့ထောက်ပံ့နေတယ်လို့ ဦးအောင်ကျော်ထွန်း က ပြောပါတယ်။
"ဟုတ်တယ် နေရာအနှံ့ပေါ့။ အခုနေရာတွေကတော့ လုံခြုံတဲ့ နေရာတွေပါ။ အခုရှိနေတဲ့ နေရာတွေက။ သူတို့ လာချင်တိုင်းလာလို့မရတာ ပိတ်မိနေတာပေါ့ဗျာ။ ဟုတ်တယ် မဟုတ်လား။ အစိုးရအဖွဲ့က လိုက်လိုက်ပို့နေတာပဲခင်ဗျ။ စားနပ်ရိက္ခာအတွက်လေ။"
မောင်တောဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းက စာသင်ကျောင်းတွေအားလုံးကိုလည်း ပိတ်ထားပါတယ်။
အဲဒီဒေသက ကျောင်းသားတွေကို ဒေသတည်ငြိမ်အေးချမ်းလို့ ကျောင်းတွေပြန်ဖွင့်နိုင်ချိန်မှာ အချိန်ပိုတွေသင်ပြီး ပြန်လည် ကုစားသွားမယ်လို့ ဦးအောင်ကျော် ထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ရဲကင်းစခန်း ၃၀ ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်မှုတွေ ဆက်ပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ပြည်သူ ၁၄ ယောက်နဲ့ လုံခြုံရေး ဝန်ထမ်း ၁၃ ယောက်၊ အခြားဝန်ထမ်း ၂ ယောက် သေဆုံးခဲ့ရတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမား ၃၇၀ ရဲ့အလောင်း ရရှိပြီး ၉ ဦးကို အရှင် ဖမ်းမိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။