မောင်တောမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ခံတွေ ပိတ်မိနေ

RFA Burmese
2024.05.09
မောင်တောမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ခံတွေ ပိတ်မိနေ မောင်တောမြို့ ၊ ပန်းတောပြင်ကျေးရွာအနီး စစ်ကောင်စီတပ်မှ မိုင်းခွဲဖျက်ဆီးထားသည့် တံတားတစ်စင်းအား ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့အနီးမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့အဝင်အထွက်လမ်းတွေက တံတားအားလုံးနီးပါး ဖျက်ဆီးခံထားရတာကြောင့် မြို့ခံအများစု ပိတ်မိနေကြတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

မေလ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ကြိုးစားတဲ့ မြို့ခံတစ်ချို့ကိုလည်း မောင်တောမြို့အဝင် မြို့သူကြီး နယ်ခြားစောင့်ရဲတွေက သွားခွင့်မပြုဘဲ ပြန်ခိုင်းခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ မြို့တွင်းထဲမှာရှိတဲ့လူတွေ ထွက်ဖို့သွားကြတာ ဘယ်လိုမှ သွားလို့မရဘူး၊ ပြန်လွှတ်တယ်။ ဘယ်ကနေ ရှောင်ဖို့သွားလဲ၊ သွားတဲ့နေရာမှာတွေ့ရင် ပစ်သတ်မယ်ဆိုပြီး ပြောတယ်တဲ့။ ကားနဲ့ စစ်ရှောင်ဖို့သွားတဲ့လူတွေကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ဆိုင်ကယ်တွေနဲ့ အပြင်ဘက်တွေမှာ ရှိနေတဲ့လူတွေလည်း မဝင်ရဘူး။ အဝင်အထွက် မလုပ်ရဘူး”

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ မောင်တောမြို့ပေါ် နေထိုင်သူ နှစ်သောင်းခြောက်ထောင်ကျော်ရှိပါတယ်။ မောင်တောဒေသမှာ တိုက်ပွဲစတင်ဖြစ်ပွားလာပြီးနောက် ထွက်ပြေးတိမ်းရှောင်နေကြသူတွေရှိပေမယ့် လက်ရှိပိတ်မိနေသူ အရေအတွက်ကိုတော့ တိတိကျကျ မသိရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မောင်တောမြို့ကို ဆက်သွယ်ထားတဲ့ သုံးမိုင်၊ လဘော်ဇား၊ ပန်းတောပြင်၊ ဇူလရွာ စတဲ့နေရာတွေအနီးက တံတားခြောက်စင်း ဖျက်ဆီးခံထားရပြီး လက်ရှိမှာ ရွှေဇားတံတားနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) တပ်ရင်းနီး မြို့အဝင်လမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ် တံတားနှစ်ခုသာ ကျန်တော့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မြို့တွင်းမှာပိတ်မိနေကြတဲ့ ဒေသခံတွေဟာ လေကြောင့်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှာကို စိုးရိမ်ကြောက်လန့်နေကြတယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

“မြို့ထက်မှာ ပတ်ပတ်လည် တံတားတစ်ခုမှ မရှိတော့ဘူး။ ရှိတာက ရွှေဇားတံတားနဲ့ မြို့အဝင်တံတား နှစ်ခုပဲရှိတော့တယ်။ ပန်းတောပြင်ဘက်က သံတံတားပါ ကွန်ကရစ်တံတားနှစ်စင်းရှိတယ်။ နှစ်စင်းလုံး ဖျက်ပစ်လိုက်ပြီ။ နောက်ထပ် သီဟိုခြံဘက်ကိုထွက်တာမှာ တံတား အငယ်တစ်စင်းရှိတယ်။ အဲဒီတံတားက အစကတည်းက ဖျက်ထားတာ။ မြို့သူမြို့သားတွေ အပြင်ကိုလုံးဝထွက်လို့ မရဘူးဖြစ်သွားပြီ။ မနက်က ကျွန်တော့်မှာ ဦးလေးမိသားစု နောက်ပြီးတော့ ဆွေမျိုးမိသားစုတစ်စု ထွက်ဖို့လုပ်တာ လုံးဝထွက်လို့မရဘူး”

မောင်တောဒေသက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။