တိုက်ပွဲဖြစ်လို့ မတူပီမြို့နယ် ဖနိုင်နဲ့ ငလိုင်ရွာက အရပ်သား ၁၅၀၀ ကျော်ထွက်ပြေး

2022.09.26
တိုက်ပွဲဖြစ်လို့ မတူပီမြို့နယ် ဖနိုင်နဲ့ ငလိုင်ရွာက အရပ်သား ၁၅၀၀ ကျော်ထွက်ပြေး ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: 𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

ချင်းပြည်နယ် ၊ မတူပီမြို့နယ် မတူပီ-ဟားခါး ကားလမ်းပေါ်က ဖနိုင်နဲ့ ငလိုင်ရွာအကြား စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာ ၂၆ ရက် ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖနိုင်နဲ့ ငလိုင်ကျေးရွာတွေအနီး တိုက်ပွဲဖြစ်လေ့ရှိတဲ့အတွက် အရပ်သားတွေဟာ တောတောင်တွေထဲ မကြာခဏတိမ်းရှောင်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ဖနိုင်ရွာနဲ့ ငလိုင်ရွာမှာက စစ်ကြောင်းထိုးလာရင် ခဏတောထဲမှာရှောင်ကြ တယ်။ စစ်ကြောင်းထိုးတာ မရှိတော့ရင် ရွာကိုပြန်သွားနေတယ်။ တောထဲမှာက တောင်ယာဘက်ကို သွားကြတယ်။ တချို့က တောင်ယာမှပဲ တောင်ယာလုပ်ရင်းနဲ့ ဆက်နေကြတယ်"

ဖနိုင်ကျေးရွာမှာ အရပ်သား ၉၀၀ ကျော်ရှိပြီး ငလိုင်ရွာမှာ အရပ်သား ၆၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတူပီ မြို့နယ်ကနေ စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင်ဟာ ဟားခါးမြို့နယ် ဘက်ကိုအသွား ဖနိုင်နဲ့ ငလိုင်ကျေးရွာအကြား စက်တင်ဘာ ၂၄ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေးဦး သေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့က တစ်ဦးဒဏ်ရာရခဲ့တယ်လို့ CDF မတူပီ ပြောရေးဆိုခွင့်ရှိသူက RFAကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၃၀၀ ကျော်ဟာ စစ်ဘေးဒုက္ခခံစားနေရတယ် လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာ ၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် လေးသောင်းဝန်းကျင်တိုးလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။