မတူပီမြို့သိမ်းတိုက်ပွဲမှာ လေယာဉ်ပစ်သေနတ်တွေ ရရှိခဲ့ကြောင်း ချင်းတော်လှန်ရေးအဖွဲ့တွေပြော

RFA Burmese
2024.07.02
မတူပီမြို့သိမ်းတိုက်ပွဲမှာ လေယာဉ်ပစ်သေနတ်တွေ ရရှိခဲ့ကြောင်း ချင်းတော်လှန်ရေးအဖွဲ့တွေပြော PDF Zoland သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ 14.5 ZPU လေယာဉ်ပစ် စက်သေနတ်ကြီးနှစ်လက်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ PDF Zoland

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲမှာ 14.5 ZPU လေယာဉ်ပစ် စက်သေနတ်ကြီးနှစ်လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အမြားကို သိမ်းဆည်းရရှိတယ်လို့ PDF Zoland က ဇူလိုင်လ ၁ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဆင်နွှဲတဲ့ ဒီတိုက်ပွဲအတွင်း မတူပီအခြေစိုက် စစ်ဗျူဟာစခန်း၊ ခမရ (၃၀၄) နဲ့ ခလရ (၁၄၀) တို့ကနေ ဟောင်ဝပ်ဇာအမြောက်၊ လေယာဉ်ပစ်စစ်သေနတ်တွေ အပါအဝင် လက်နက်အမြောက်အမြားနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုတာပါတယ်။

အခုသိမ်းဆည်းရမိခဲ့တဲ့ လေယာဉ်ပစ်စက်သေနတ်ဟာ ရဟတ်ယာဉ်တွေနဲ့ အနိမ့်ပျံ တိုက်လေယာဉ်တွေကို ထိထိရောက်ရောက် ပစ်ချနိုင်စွမ်းရှိတယ်လို့ အမည်မဖော်လိုတဲ့ CDM ဗိုလ်ကြီးတစ်ဦးက RFA ကို ပြောပါတယ်။

"14.5 ZPU က ရဟတ်ယာဉ်တွေ ပစ်လို့ရမယ်။ အနိမ့်ပျံ တိုက်လေယာဉ်တွေကိုလည်း ပစ်လို့ရတယ်။ ပစ်မှတ်ကို ကြိုပြီးပစ်ရတာဆိုတော့ ထိရောက်မှု ကောင်းတယ်။ ဟိုဘက် (စစ်ကောင်စီတပ်) က လေယာဉ်တွေကို ပြန်ပစ်လို့ရတော့ 14.5 ZPU ရတာ အကျိုးသက်ရောက်မှု ရှိတယ်"

ချင်းညီနောင်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဟာ စစ်ကောင်စီရဲ့ ခမရ (၃၀၄) တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့သလို ချင်းပြည်နယ်တောင်ပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ မတူပီ အခြေစိုက် စစ်ဗျူဟာနဲ့ ခလရ (၁၄၀) တပ်ရင်းတွေကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။

မတူပီမြို့နယ်မှာ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ စတဲ့မြို့ သုံးမြို့ရှိပြီး လိုင်လင်းပီနဲ့ ရေဇွာမြို့တွေကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်မှာ သိမ်းပိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။