နစ်နာကြေးရဖို့ နေ့စဉ်မျှော် စက်ရုံပိုင်ရှင် မလာရောက်
2014.06.30

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၃ က Master Sports ဖိနပ်စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ကုန်ကြတဲ့ အလုပ်သမား ၈၀၀ လောက်ဟာ နစ်နာကြေးရဖို့အတွက် စက်ရုံရှေ့မှာ သွားရောက်စောင့်ဆိုင်းနေကြတာ ဒီနေ့ဆိုရင် ၅ ရက် ရှိသွားပြီဖြစ်ပါတယ်။
Master Sports ဖိနပ်စက်ရုံရှေ့မှာ အဲဒီလို စောင့် ဆိုင်းနေတဲ့ အလုပ်သမားတွေထဲက အလုပ်သမ တစ်ဦးဖြစ်သူ မသန်းသန်းချိုက သူတို့အခက်အခဲ ကို ဖြေရှင်းပေးမယ့်သူမရှိကြောင်း အခုလိုပြောပါတယ်။
"ပုံမှန်အနေအထားကတော့ ၂ လ လျှော်ကြေးပေး ပြီးတော့ လုပ်ရတာပဲရှိတယ်လေ၊ ၃ လလျှော်ကြေး ဘယ်လောက်ဆိုတာကတော့ သူတို့သူဌေးနဲ့ ကျမတို့ပဲ သက်ဆိုင်တယ်လေ၊ သူဌေးက ဒါဒါပေးနိုင်တယ်ဆိုလို့ရှိရင် အလုပ်သမားက ကျေနပ်ရင် ကျေနပ်တယ်၊ မကျေနပ်ရင် မကျေနပ်ဘူးပေါ့၊ ဒါပေမဲ့ အလုပ်သမားတော်တော် များများကလည်း မတော်မတရား မလိုချင်ပါဘူး၊ ရသင့်ရထိုက်တာပဲရရင် သူတို့က ကျေနပ်မှာပါ"
အဲဒီ အလုပ်သမား ၈၀၀ လောက်ဟာ ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့ကစပြီး စက်ရုံရှေ့မှာ အလုပ်ရှင်နဲ့ ညှိနှိုင်းဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။
Master Sports စက်ရုံလည်ပတ်တာ တစ်နှစ်ခွဲလောက်ရှိပြီဖြစ်ပြီး အလုပ်သမားတစ်ဦးကို တစ်လလစာ ပျမ်းမျှကျပ် ၇ သောင်းကျော်ကနေ တစ်သိန်းကျော်အထိရကြတယ်လို့ သိရပါတယ်။
အလုပ်သမားခေါင်းဆောင်တချို့ဟာ ဒီနေ့ လှိုင်သာယာမြို့နယ် အလုပ်သမားဖြန်ဖြေရေးရုံးမှာ ညှိနှိုင်းခဲ့ပေမဲ့ အလုပ်ရှင်မလာတာကြောင့် ဖြေရှင်းနိုင်ခြင်းမရှိသေးဘူူးလို့ သိရပါတယ်။