သီရိမင်္ဂလာဈေး ရွှေ့ပြောင်းမိန့်ကြောင့် ဈေးသူဈေးသား အခက်တွေ့
2010.12.16

လက်ရှိ သီရိမင်္ဂလာဈေးကို ဒီဇင်ဘာ ၁၇ ရက် မနက်ဖြန် နောက်ဆုံးထား ရွှေ့ခိုင်းထားပေမဲ့ ဈေးသူဈေးသားတွေ ရုတ်တရက် မရွှေ့ပြောင်းနိုင်တာကြောင့် ၂၃ ရက်နေ့ကို နောက်ဆုံးရက် ထပ်မံ ရွှေ့ပေးလိုက်တယ်လို့ သိရပါတယ်။
ဆိုင်ခန်းနေရာအသစ်တွေ အတွင်း ၁၅ ရက်နေ့က မဲဖောက် ဝေငှပေးခဲ့ပြီး ၂ ရက်အတွင်း အပြီးပြောင်းခိုင်းတယ်လို့ သိရပါတယ်။
သီရိမင်္ဂလာဈေးက ဆိုင်ပိုင်ရှင်တဦးက အခုလို ပြောပြပါတယ်။
“၁၅ ရက်နေ့မှာ မဲနှိုက်တယ်။ ၁၅ ရက်နေ့မှာ မဲနှိုက်ပြီး ၁၇ ရက်နေ့မှာ ပြောင်းရမယ်ဆိုပြီး မနေ့က အသည်းအသန် ပြောလို့ ကျွန်တော်တို့မှာ ဒီမှာ ဒုက္ခတွေရောက် လူတွေ ဒီလောက် ဈေးကြီး အကြီးကြီးကို ချက်ချင်း နှစ်ရက်တည်းနဲ့ ပြောင်းခိုင်းတယ်၊ အပြီး ပြောင်းခိုင်းတယ်။ စဉ်းစားကြည့်။ ဟိုမှာလည်း ဘာမှ အဆင်သင့်မဖြစ်၊ ဒီမှာလည်း အဆင်သင့်မဖြစ်၊ အဲဒီတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ပြောတာနဲ့ ၂၃ ရက်နေ့ သူတို့ ပြောင်းပြီး ရွှေ့ပေးတယ်။ ဒီမှာ ဈေးသူဈေးသားတွေကတော့ အတော်လေးကို ဒုက္ခရောက်နေတယ်။”
သီရိမင်္ဂလာဈေးကို ကြည့်မြင်တိုင်အောက်လမ်း၊ ပိတောက်ချောင်းဖက်က ဈေးသစ်ကို ရွှေ့ပြောင်း ခိုင်းထားတာလို့ ဆိုပါတယ်၊
လက်ရှိသီရိမင်္ဂလာ ဈေးတည်ရှိတဲ့နေရာဟာ လူနေ ရပ်ကွက်အတွင်း ရှိနေပြီး။ ကုန်ကားအဝင်အထွက်နဲ့ ကားရပ်နားရာ နေရာအခက်အခဲတွေကြောင့် ရွှေ့ခိုင်းတာလို့ ဆိုပါတယ်။ နောက်ရွှေ့ ပြောင်းရမဲ့ ဈေးအသစ်က ကားရပ်နားစရာနေရာ ပိုကောင်းပေမယ့် ဈေးရုံအနေအထားကတော့ အဆောင် ၄ ဆောင်ပါတဲ့ မြေညီထပ်ဈေးပဲ ဖြစ်ပြီး၊ အကာအရံ မရှိဘူးလို့ သိရပါတယ်။
လက်ရှိဈေးမှာ အခြေကျနေပြီ ဖြစ်တဲ့ ဈေးသူဈေးသားတွေကတော့ မပြောင်းလိုကြဘူးလို့ သိရပါတယ်။
လက်ရှိ သီရိမင်္ဂလာဈေးမှာ ဆိုင်ခန်းပေါင်း ၂ ထောင်ကျော် ရှိပြီး ၃ ထပ်အဆောက်အဦး ဖြစ်ပါတယ်။
ရန်ကုန်မြို့ကို မြန်မာတနိုင်ငံလုံးက တင်ပို့တဲ့ ကုန်စိမ်း၊ ကုန်ခြောက် ပစ္စည်းတွေ ရောင်းဝယ် ဖြန့်ဖြူးရာနေရာလည်း ဖြစ်ပါတယ်။ အခုသီရိမင်္ဂလာဈေး ရွှေ့ပြောင်းရမဲ့အထဲမှာ အပေါ်ထပ်မှာရှိတဲ့ Happy World Motel နဲ့ Karaoke စတာတွေကတော့ ရွှေ့ပြောင်းစရာမလိုပဲ ကျန်ခဲ့မှာ ဖြစ်ကြောင်း သိရပါတယ်။
သီရိမင်္ဂလာဈေးက ဆိုင်ရှင်ပိုင်ရှင်တဦးကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |