လူမှုကွန်ယက် (မန္တလေး) နိုင်ငံရေး အကျဉ်းသားတွေကို ငွေ ၂ သိန်း ထောက်ပံ့
2011.12.02
ဒီအကြောင်းနဲ့ ပတ်သက်လို့ ကွန်ယက် အဖွဲ့ ခေါင်းဆောင် ဦးကိုလေးက အခုလို ပြောပြပါတယ်။
"ဒီလအတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားကတော့ မသန္တာထွန်း အာသားဆိုက်ကပါ။ အင်းစိန်ထောင်မှာ ကျနေပါတယ်။ ပြစ်ဒဏ်က ၈ နှစ်ပါ။ ဦးဝင်းကြည် အိုးဘိုထောင်မှာ ကျနေပါတယ်။ ၂၂ နှစ်။ သူကတော့ အင်န်အယ်လ်ဒီကပါ၊ နောက် ကိုအောင်ကျော်ကျော် ကတော့ အရှင်ဂမ္ဘီရရဲ့ညီပါ။ တောင်ကြီးထောင်မှာ ကျနေပါတယ်။ နောက်အရှင်ဂမ္ဘီရ ကတော့ သာယာဝတီထောင်မှာ ကျနေပါတယ်။ အခု ဒီ ၄ ယောက်ကို တစ်ဦးလျှင် ၅ သောင်းနှုန်းနဲ့ ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့ပါပြီ။"
အဲဒီ ကူညီ ထောက်ပံ့ငွေတွေကို ကိုအောင်ကျော်ကျော်နဲ့ အရှင်ဂမ္ဘီရ အတွက်တော့ မိခင် ဒေါ်ရေး ကိုယ်တိုင် လက်ခံယူမှာ ဖြစ်ပြီး၊ ဦးဝင်းကြည် နဲ့ မသန္တာ မိသားစုကိုတော့ နိုင်-ကျဉ်းကွန်ယက် အဖွဲ့ကနေ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ပေးအပ်မယ်လို့ သူက ပြောပါတယ်။
မန္တလေးအိုးဘို အကျဉ်းထောင် တစ်ခုထဲမှာပဲ နိုင်ငံရေး အကျဉ်းသား ၉၀ ရှိတယ် လို့လည်း ဦးကိုလေးက ပြောပါတယ်။
မန္တလေး နိုင်-ကျဉ်းလူမှုရေး ကွန်ယက် အဖွဲ့ကို ၂၀၀၉ ခုနှစ် ဇွန်လ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ စတင် ဖွဲ့စည်းခဲ့ပြီး မန္တလေးတိုင်း အတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လစဉ် ထောက်ပံ့ ကူညီခဲ့တာ ဖြစ်ပါတယ်။