မန္တလေး အဓိကရုဏ်း လူ ၅ ဦး ဒဏ်ရာရ၊ ဆိုင်နဲ့ ကား ၁၁ စီး ပျက်စီး
2014.07.02

မန္တလေးမြို့မှာ မနေ့ည ရ နာရီလောက်ကစပြီး သန်းခေါင်ကျော်အထိ ဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းမှာ လူ ၅ ဦး ဒဏ်ရာရပြီး ဈေးဆိုင်တွေနဲ့ ကား ၁၁ စီး ပျက်စီးခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။
လူအုပ်စုက ထိန်းသိမ်းဖို့ ခက်ခဲတဲ့အတွက် ရာဘာကျည်နဲ့ ၃ချက်ဖောက်ပြီး လူစုခွဲခဲ့ရတယ်လို့ မန္တလေးတိုင်းဒေသကြီး ဒုတိယရဲမှူးကြီး ဇော်မင်းဦးက အခုလိုပြောပါတယ်။
"ဒီဘက်ကနေရှင်းထုတ်လိုက်တဲ့ဟာ ၂၆၊ ၈၃ ကနေ ရှင်းလိုက်တဲ့ဟာက ၂၆၊ ၈၆ မှာသွားပြီးတော့ တခါထပ် သွားသောင်းကျန်းပြီးတော့ အဲနားက အဆောက်အဦးတွေကို ပစ်ပေါက်နေတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးက လူထုခွဲပါလို့ ပြောမရတဲ့အတွက် ကျနော်တို့ ရာဘာကျည်နဲ့ မိုးပေါ်ကိုတော့ သုံးချက်လောက် ထောင်ပစ်လိုက်တာတော့ရှိပါတယ်၊ မနက် ၂ နာရီအချိန်လောက်မှာ ၂၃၊ ၂၄၊ ၂၅ လမ်း၊ ၈၃၊ ၈၄ ကြားမှာ သံဃာအပါး ၄ဝ လောက် လူအင်အား ၄၅ဝ လောက်က တုတ်ဓါးတွေကိုင်ဆောင်ပြီးတော့ ထပ်ပြီးတော့ အော်ဟစ်ဆူပူနေတဲ့အတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးစီးပြီးတော့ အဖွဲ့တွေနဲ့ သွားပြီးတော့ နားလည်အောင်ပြောဆိုပြီးတော့ လူထုခွဲခိုင်းပါတယ်"
ဆူပူမှုမှာပါဝင်သူ လူပေါင်း ၁ထောင်နီးပါးရှိတယ်လို့ သိရပြီး မန္တလေး ဂဠုန်နီဆရာတော် ဦးဆောင်တဲ့ သံဃာတွေနဲ့ မွတ်စလင်ခေါင်းဆောင်တချို့က အခင်းဖြစ်တဲ့နေရာတွေမှာ သွားရောက် ကူညီထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့ ၂၇လမ်းနဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အင်တာနက်မှာ သတင်းထွက်ပေါ်ခဲ့ရာကနေ မနေ့ညက အဲ့ဒီလက်ဖက်ရည်ဆိုင်အနီးမှာ အဓိကရုဏ်း စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မနေ့ညက ရဲတပ်ဖွဲ့ဝင်အင်အား ငါးရာကျော်လောက်က လမ်းတွေကိုပိတ်ဆို့ထားခဲ့ရပြီး ဒီနေ့မနက် ၁၀ နာရီလောက်မှာ လမ်းတွေကို ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ လက်ဖက်ရည်ဆိုင်ရှိရာ ၈၂ လမ်းကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။