အာဏာသိမ်းပြီးနောက် ပထမဆုံး လမ်းပေါ်ထွက်ဆန္ဒပြသူ လေးဦး ပြန်လွတ်လာ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ပထမဆုံး လမ်းပေါ်ထွက် ဆန္ဒပြရင်း ဖမ်းဆီး ခံခဲ့ရသူ လေးဦး အောက်တိုဘာ ၇ ရက် ဒီနေ့မှာ အိုးဘိုအကျဉ်းထောင် က ပြန်လွတ်လာတယ်လို့ မန္တလေးမြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အခုပြန်လွတ်လာသူတွေဟာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အမှုဆောင် ဟောင်း ကိုမင်းညီညီကွန်း၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်က ကိုစောဥက္ကာဦး၊ ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင်တို့ဖြစ်ပြီး သူတို့ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က မန္တလေးမြို့ လမ်း ၃၀ မှာရှိတဲ့ ဆေးတက္ကသိုလ်အရှေ့မှာ ဆန္ဒပြနေစဉ် ဖမ်းဆီးခံခဲ့ရတာလို့ ပြန်လွတ်လာသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုလေးဦးစလုံး ပြန်လွတ်လာတယ်ပေါ့။ ကျန်းမာရေးလည်းကောင်းပါတယ်။ အဆက်အသွယ်တော့ရပါပြီ။ သူတို့မိသားစုဝင်တွေနဲ့ သူတို့ အခုတွေ့နေကြတယ်”
သူတို့ဟာ စစ်တပ်က အာဏာသိမ်းပြီး လေးရက်အကြာ မန္တလေးမြို့မှာ ဒေါက်တာ တေဇာဆန်း အပါအဝင် ဆန္ဒပြသူ ၂၀ ထဲမှာ ပါဝင်ခဲ့သူတွေဖြစ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ - ၁၉ ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ တို့နဲ့ အိုးဘိုထောင်တရားရုံးမှာ ပြီးခဲ့တဲ့ မေလက ထောင်ဒဏ် တစ်နှစ်နဲ့ ကိုးလ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ သူတို့ရဲ့ ချုပ်ရက်တွေ ကိုလည်း ထုတ်နုတ်ခံစားခွင့်ရခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အောက်တိုဘာ ၆ ရက် မနေ့ကအထိ နိုင်ငံတစ်ဝန်း လူပေါင်း ၁၂,၅၇၆ ဦး ဖမ်းဆီးခံထားရပြီး ၃၁၇၂ ဦးကတော့ ပြန်လည်လွတ်မြောက်လာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။