မလည်ရွာတိုက်ပွဲ စစ်ကောင်စီတပ်က ခြောက်ဦးနဲ့ ကာကွယ်ရေးတပ်က ၁၀ ဦး သေဆုံး

RFA Burmese
2024.05.12
မလည်ရွာတိုက်ပွဲ စစ်ကောင်စီတပ်က ခြောက်ဦးနဲ့ ကာကွယ်ရေးတပ်က ၁၀ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာရှိ စစ်ကောင်စီတပ်မှ သိမ်းဆည်းရရှိသည့် စစ်အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဉ်။
အမှတ်-၁ စစ်ဒေသ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က မလည်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ခြောက်ဦးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ဆယ်ဦး သေဆုံးခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ငယ် (၁၄) လက်၊ ကျည်မျိုးစုံ (၇၀၀)ကျော်၊ ကျည်အိမ် (၁၁) ခု၊ လက်ပစ်ဗုံးတစ်လုံး၊ အီနာဂါဗုံးသီးခြောက်လုံး၊ Jammer တစ်ခု၊ Equipment လေးခုနဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားတွေရှိတဲ့ ရဲစခန်းကို မေလ ၇ ရက်နေ့မှာ ကာကွယ်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို ခေတ္တသိမ်းခဲ့ပေမဲ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကူရောက်လာတာကြောင့် ပြန်ဆုတ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီဘက်က အင်အားတစ်ရာနီးပါးနဲ့ မလည်ရွာကို ပြန်လည်တပ်စွဲနေထိုင်နေတယ်လို့ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မလည်ရွာတိုက်ပွဲက တော်တော်ပြင်းထန်ခဲ့တာပါ။ စစ်တပ်ဘက်က လေကြောင်းရော လက်နက်ကြီးနဲ့ရော ထုတာ။ အဲဒါကြောင့် ပြန်ဆုတ်ခဲ့လိုက်ရတာ"

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့သလို ဒေသခံ သုံးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။