လုံခြုံရေးကောင်စီက မြန်မာကို ပြင်းပြင်းထန်ထန် အရေးယူမှု မရှိတဲ့အပေါ် မလေးရှားဝန်ကြီးချုပ် ဝေဖန်

မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် အရေးယူတာ မတွေ့ရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က မနေ့က ပြောကြားပါတယ်။ အမေရိကန်နိုင်ငံ နယူးရောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေကို ကုစားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် အရေးယူမှု မရှိတာ အလွန်ဝမ်းနည်းစရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ် နဲ့ အမေရိကန် ၅ နိုင်ငံက သူတို့ရဲ့ ဗီတိုအာဏာကို မကြာခဏ အလွဲသုံးစားလုပ်ခြင်းက ပဋိပက္ခတွေကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့လည်း ဝေဖန် လိုက်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ကို ပြန်ရောက်ဖို့ လုပ်ဆောင်ရမယ့် သဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည် မဖော်နိုင်တဲ့အတွက် အာဆီယံ အဖွဲ့ကြီးအနေနဲ့ မြန်မာနဲ့ချုပ်ဆိုထားတဲ့ ဒီသဘောတူညီချက်တွေကို ဖျက်သိမ်းဖို့ လိုအပ်နေတယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က ပြောသွားပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က လာမယ့်နိုဝင်ဘာ ကွာလာလမ်ပူမှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာအပေါ် ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ကိစ္စကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။