မလေးရှား ဝန်ကြီးချုပ် မြန်မာ အစိုးရကို ဝေဖန်
2018.09.30

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီယာက မြန်မာအစိုးရကို ဝေဖတ်ရှုတ်ချလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားစဉ် အခုလို ဝေဖန်လိုက်တာဖြစ်ပြီး နိုင်ငံတိုင်းဟာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတွေဖြစ်ပေမယ့်လို့ ကိုယ့်ပြည်သူတွေကို ပြန်သတ်ဖို့ အခွင့်အရေး မရှိပါဘူးလို့လည်း သူကထည့်သွင်းပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာလည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူကိုယ်တိုင် စာရေးသားပေးပို့ခဲ့ပေမယ့် အရေးတယူအကြောင်း ပြန်ကြားခြင်းမရှိခဲ့ဘူးလို့လည်း နယူးယောက် မှာပြုလုပ်တဲ့ ရုပ်သံတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းကျနေစဉ်က လွတ်မြောက်ရေးအတွက် သူ့အနေနဲ့ ဦးဆောင်ကြိုးပမ်းခဲ့ဖူးကြောင်း အခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးတော့ မထောက်ခံနိုင်တော့ကြောင်း လည်း အသက် ၉၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မလေးရှား ဝန်ကြီးချုပ် မဟာသီယာက ပြောကြားခဲ့ပါတယ်။