မြန်မာအစိုးရ လူမျိုးတုံးသတ်ဖြတ်ကြောင်း ခုံရုံးကြားနာဆုံးဖြတ်
2017.09.23

မြန်မာအစိုးရဟာ နိုင်ငံတွင်းက ထွက်ပြေးနေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးရှင်းလင်းရေး လုပ်နေ တယ်ဆိုတာ ထင်ရှားတယ်လို့ နိုင်ငံတကာတရားသူကြီးတွေပါဝင်တဲ့ သမာဓိခုံရုံးအဖွဲ့က သောကြာနေ့က မလေးရှားနိုင်ငံမှာ ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံအတော်များများက ပညာရှင်နဲ့ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ သမာဓိခုံရုံးအဖွဲ့က မျက်မြင် သက်သေတွေကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၅ ရက်ကြာ စစ်ဆေးမေးမြန်းဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာအစိုးရက ရိုဟင်ဂျာတွေကို ရှင်းလင်းနေတာဟာ လူမျိုးတုံးသတ်ဖြတ်တဲ့ ရာဇဝတ်မှုမြောက်တယ် လို့ ဆွေးနွေးပွဲကိုဦးဆောင်သူ ဒန်နီရယ် ဖီရာရာစတိန်းက မလေးရှားတက္ကသိုလ်မှာ ပြောဆိုခဲ့ပါတယ်။
တကယ်လို့ အဲဒီလိုလူမျိုးတုံး သတ်ဖြတ်ရှင်းလင်းနေတာတွေကို မဟန့်တားနိုင်ခဲ့ရင် သေဆုံးသူအရေအတွက် ပိုများလာနိုင်တယ်လို့လည်း သူကပြောခဲ့ပါသေးတယ်။
မြန်မာအစိုးရရဲ့ လုပ်ရပ်ကိုဖိအားပေးဖို့ အဲဒီ သမာဓိခုံရုံးအဖွဲ့ဟာ သူတို့ စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ အီတလီနဲ့ သြစတြေးလျက တရားသူကြီးတွေ ပါဝင်ခဲ့ပါတယ်။