မအူပင်မြို့နယ် လယ်သမားအရေး လွှတ်တော်က အရေးပေါ်ဆောင် ရွက်ရန် တောင်းဆို


2013.02.27

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ အမြန်ဆုံးဖြေရှင်းပေးဖို့ ရန်ကုန်အခြေစိုက် ရှေ့နေများကွန်ရက်က ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၆ ရက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်နဲ့ လယ်သမား ၃၀၀ ကျော်အကြား အကြမ်းဖက်ပဋိပက္ခမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လယ်သမား ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

လယ်သမားတွေဖက်က တုန့်ပြန်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂၈ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက တစ်ဦးသေဆုံးခဲ့ပါတယ်။

အဲဒီ မလက်တိုကျေးရွာအုပ်စု ဖြစ်ရပ်ဟာ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ရှေ့နေများကွန်ရက်က ပြောပါတယ်။

ဒါ့အပြင် အခုဖြစ်ရပ်ဟာ ဥရောပခရီးစဉ်ရောက်နေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက်လည်း မျက်နှာပျက်စရာဖြစ်တယ်လို့ ရှေ့နေများကွန်ရက်က ထောက်ပြထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်မှုတွေဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ တိကျစွာလိုက်ပြီး ဆောင်ရွက်ခြင်းရှိ မရှိ၊ အဓိကရုဏ်းနှိမ်နင်းရေး ဥပဒေပြဌာန်းချက်များ တိကျစွာ လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ စတဲ့အချက်တွေကို အမြန်ဆုံးဖေါ်ထုတ်ပေးဖို့ ရှေ့နေများကွန်ရက်က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။