အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြုလို့ပြော
2013.12.26

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ဝိုင်းဝန်းကူညီပေးခဲ့သူတွေ ကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ကူညီပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။
ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲနဲ့ပိတ်ပွဲတွေမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်ကို ဦးဆောင်ပြီး ကူညီခဲ့တဲ့ ကိုကျော်သူက နိုင်ငံတော်အစိုးရက သူတို့မိတ်ကပ်ပညာရှင်အဖွဲ့ကို ခွဲခြားဆက်ဆံတယ်လို့ ပြောပါတယ်။
"ကျနော်တို့ရဲ့ ရပိုင်အခွင့်အရေးကို တောင်းဆိုနေတာ မဟုတ်ဘူး၊ လိုချင်တဲ့စိတ်နဲ့ ပြောနေတာ မဟုတ်ဘူး၊ အဓိကကတော့ နိုင်ငံတော်က volunteer ချင်းအတူတူ အကုန်လုံးကို ချီးမြှင့်ပေးလိုက်တယ်၊ အဲဒါတွေက ကျနော်တို့ မိတ်ကပ်အဖွဲ့ကို တကယ်ပါလား၊ မပါဘူးလားဆိုတာကို ကျနော်တို့သိချင်တာ၊ ဆီးဂိမ်းအမှတ်တရ DVD အခွေတွေပေးတယ်၊ အကြောင်းတောင် မကြားဘူး၊ ကျန်တဲ့ဟာတွေကျတော့ ပြည့်ပြည့်စုံစုံနဲ့ အကုန်လုံးပေးတယ်၊ ကျနော်တို့အဖွဲ့ကျတော့ မပေးဘူး၊ ရင်ထဲမှာ တဖြည်းဖြည်းနဲ့ ကျနော်တို့ကို ခွဲခြားဆက်ခံရတယ်၊ ချောင်ထိုးခံရတယ် အဲလိုမျိုးခံစားရတာ"
ဆီးဂိမ်းပွဲတော် အောင်မြင်ဖို့အတွက် အခမဲ့ကူညီကြသူတွေအားလုံးကို နိုင်ငံတော်ကဆုချီးမြှင့်ရာမှာ ဆီးဂိမ်းပွဲကြည့်တဲ့ လက်မှတ်တွေ၊ ဖုန်းဆင်းကဒ်တွေ၊ ဆီးဂိမ်းအမှတ်တရ တိတ်ခွေတွေ၊ မဲဖောက်ပေးတာတွေ၊ ဂုဏ်ပြုလွှာပေးအပ်တာတွေ ရှိခဲ့ပါတယ်။
အဲဒီအထဲမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်မပါတဲ့အပြင် ဂုဏ်ပြုလွှာမှာ နာမည်တောင်မတပ်ဘဲ ထုတ်ပေးခဲ့တယ်လို့ မိတ်ကပ်ပညာရှင် အဖွဲ့ခေါင်းဆောင် ကိုကျော်သူက ပြောပါတယ်။
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲမှာ ကဏ္ဍအသီးသီးအတွက် အခမဲ့ကူညီခဲ့သူ ၂၀၀၀၀ နှစ်သောင်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။