သုံးနှစ်ကျော်အတွင်း စစ်တပ်နဲ့ ရဲ CDM လုပ်သူ ၁၅,၀၀၀ ကျော် ရှိလာကြောင်း NUG ပြော

RFA Burmese
2024.12.10
သုံးနှစ်ကျော်အတွင်း စစ်တပ်နဲ့ ရဲ CDM လုပ်သူ ၁၅,၀၀၀ ကျော် ရှိလာကြောင်း NUG ပြော ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဗိုလ်မှူးနှစ်ဦး အပါအဝင် စစ်သည် ခြောက်ဆယ်ကျော် CDM ဝင်လာကြောင်း NUG က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်ထားစဥ်။
NUG

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာသူ ၁၅၀၀၀ ကျော် ရှိလာပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ထုတ်ပြန်တဲ့ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်မှာ ထည့်သွင်းပြောဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ နိုဝင်ဘာအထိ ၁၁ လအတွင်း စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့၊ အကျဥ်းဦးစီးဌာန ဝန်ထမ်းစုစုပေါင်း ၄၇၉ ဦး ရှိတယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ ဒုတိယဗိုလ်မှူးကြီးတွေနဲ့ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူးအဆင့်အထိပါပြီး လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ NUG က ပြောပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေအထဲ စစ်ကောင်စီရဲ့ တပ်သားသစ် စုဆောင်းခံရသူတွေလည်း ပါဝင်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သူတွေထဲမှာ အဓမ္မ စစ်သားစုဆောင်းမှုကို ခံခဲ့ရသူတွေလည်း ပါဝင်ခဲ့ပြီးတော့ စုစုပေါင်း ၃၃ ဦး ရှိခဲ့ပါတယ်။ သုံးနှစ်ကျော်အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူ တစ်သောင်းခွဲကျော်ရှိပြီး မိသားစုတွေလည်း ပါဝင်ခဲ့ပါတယ်”

NUG အနေနဲ့ သွေးထွက်သံယိုမှု အနည်းဆုံးနည်းနဲ့ တော်လှန်ရေး အောင်မြင်အောင် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့တာကြောင့် စစ်ကောင်စီလက်အောက်မှာ မနေလိုတဲ့ ရဲနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာလို့ ဆိုပါတယ်။

အခုနှစ်အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ်ကို ဝင်ရောက်လာသူတွေထဲက ၁၉၁ ဦးက လက်နက်တွေနဲ့အတူ ဝင်ရောက်သူတွေ ဖြစ်တာကြောင့် သူတို့ကို ထောက်ပံ့ကြေးငွေတွေပါ ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေနဲ့ပတ်သက်ပြီး တိုင်ကြားလာတဲ့ အမှုပေါင်း ၅၆ မှုကို စစ်ဆေးအရေးယူခဲ့ပြီး ဝန်ကြီးဌာနအဆင့်၊ စစ်ရုံးချုပ်အဆင့်၊ စစ်တရားရုံးနဲ့ စုံစမ်းစစ်ဆေးနေတဲ့အမှု အပါအဝင် အစီရင်ခံစာတွေကို စစ်ဆေးနေတဲ့ အမှုပေါင်း ငါးဆယ်ကျော် (၅၃ မှု) ကို ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။