မိုင်းရယ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲ၊ ဒေသခံ သုံးဦးထက်မနည်း သေဆုံး

RFA Burmese
2024.09.27
မိုင်းရယ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲ၊ ဒေသခံ သုံးဦးထက်မနည်း သေဆုံး မိုင်းရယ်မြို့ အဝင်တစ်နေရာအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဥ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် ဒေသခံသုံးဦးထက်မနည်း သေဆုံးတယ်လို့ မိုင်းရယ်ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ညသန်းခေါင်ယံ (၁၂) နာရီကျော်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုင်းရယ်မြို့နဲ့ ငါးမိုင်အကွာ နမ့်တုံးရွာက ဒေသခံ သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“စက်တင်ဘာ (၂၆) ရက်နေ့ မနေ့ည ၁၂ နာရီကျော်လောက် လေယာဉ် ဗုံးလာကြဲသွားတယ်။ နမ့်တုံးရွာထိတယ်။ ပြည်သူတွေ သေတယ်။ ပစ်တာက ဟိုယကျေးရွာ။ ကျတာက နမ့်တုံးဘက်မှာ ကျတာ။ သေဆုံးတာက သုံးယောက်လား ငါးယောက်လားဆိုတာ အတိအကျ မသိရသေးဘူး။ မြို့ထဲက သူတွေလည်း စိတ္တဇဖြစ်နေပြီ။ တချို့ဆို မနက်ပိုင်း ဈေးရောင်း ညနေဆို အမျိုးရှိရာ ရွာတွေဘက် ညအိမ်ပြန်ကြပြီး မနက်ကျမှ ပြန်ထလာကြတယ်။ လက်နက်ကြီးအသံက အရမ်းကျယ်တယ်။ ရှစ်လုံးလောက်ကြားရတယ်။ ရွာက သူတွေလဲ ဒီနေ့ မြို့ထဲ မလာရဲကြဘူး”

စက်တင်ဘာ ၂၅ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့တွေ နှစ်ဘက်စစ်အင်အား အပြိုင် ဖြည့်တင်းတာတွေ လုပ်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ အဲဒီ မိုင်းရယ်ဒေသခံ က ပြောပါတယ်။

“ကိုးကန့် နဲ့ စစ်တပ် စစ်ရေးတင်းမာနေတယ်။ နှစ်ဖက်လုံး စစ်အင်အားဖြည့်နေပါတယ်။ မြို့ထဲမှာ SSPP နဲ့ ဝ တော့ လုံခြုံရေး ယူထားတယ်။ ဟိုယရွာမှာတော့ လူတွေ မနေရဲတော့ဘူး”

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ စက်တင်ဘာ ၂၆ ရက်နေ့ည မိုင်းရယ်မြို့နယ်အတွင်း စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသူ လေးဦးရှိပြီး သံဃာတော် ခုနစ်ပါး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဖော်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ MNDAA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း နှစ်ဆယ်ကျော်ကို MNDAA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ထားပြီး မိုင်းရယ်၊ တန့်ယန်း၊ နမ့်လန်၊ မူဆယ်မြို့ လေးခုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။