ကျန်းမာရေးကြောင့် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်တာလို့ မန်းဂျော်နီပြော


2018.01.12
mahn-john-press-622.JPG ဧရာဝတီတိုင်းဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ မန်းဂျော်နီ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Kyaw Zaw Win/RFA

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီဟာ ကျန်းမာရေးကြောင့် တာဝန်မကျေပွန်မှာ စိုးရိမ်တဲ့အတွက် အနားယူခွင့်ကို ကိုယ်တိုင်တောင်းခံခဲ့တာဖြစ်တယ်လို့ ဒီနေ့ ပုသိမ်မြို့အစိုးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

မကွေးတိုင်းနဲ့ ပဲခူးတိုင်းက နုတ်ထွက်ကြသူတွေက ဘာကြောင့်မှန်းမသိပေမယ့် ဧရာဝတီတိုင်းက နုတ်ထွက်ကြသူ ၂ ဦးဟာ ကိုယ်တိုင်လိုလိုလားလား နုတ်ထွက်ခွင့်တင်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် မန်းဂျော်နီ က ပြောပါတယ်။

"ကျနော်က CEC ဖြစ်တဲ့အတွက်ကြောင့်မို့ တခြားတိုင်း မကွေးတို့ တခြား ပဲခူးတို့ အဲ့လိုဖြစ်သွားတယ်၊ တို့ဧရာဝတီတိုင်းက ကိုယ်တိုင်လိုလိုလားလား ကျန်းမာရေးကြောင့် စိတ်သွားတာ ကိုယ်မပါနိုင်တော့ဘူး၊ အဲဒါကြောင့် တာဝန်အပြည့်အဝ မထမ်းဆောင်နိုင်မှာစိုးလို့ နုတ်ထွက်တယ်"


မန်းဂျော်နီအနေနဲ့ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်လိုက်ပေမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ရော NLD ပါတီ CEC တစ်ဦးအနေနဲ့ပါ တာဝန်တွေ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ဝ ရက်နေ့က ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း တို့ကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ်မန်းဂျော်နီဟာ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလက ဘောလုံးကန်ရင်း ချော်လဲတာကြောင့် လက်မောင်းရိုး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ခဲ့ရပါတယ်။

ထပ်မံပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှာ ကားတိုက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တစ်လကြာ ဆေး ကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အဖြစ် ၂၁ လ ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မန်းဂျော်နီဟာ လက်ရှိအချိန်မှာ အသက် ၇၆ နှစ်ပြည့်ပြီဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။