ပဲခူးဝန်ကြီး ၂ ယောက် နုတ်ထွက်စာတင်
2018.01.11
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံတို့ ၂ ဦး ရာထူးကနေ နုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်။
မနေ့က နုတ်ထွက်စာတင်လိုက်တာဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ က RFA ကို အတည်ပြုပြောပါတယ်။
"အဲဒါဟုတ်ပါတယ်၊ မနေ့က ကျနော် ၄ နာရီမှာ တင်လိုက်တယ်ဗျ၊ အကြောင်းရင်းကတော့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်လို့ပဲ ပြောပါ"
အခုနုတ်ထွက်စာတင်ထားတဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ဝန်ကြီး ၂ ဦး နဲ့ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း တို့ကို ရာထူးကနေ နုတ်ထွက်ပေးဖို့အတွက် သာယာဝတီမြို့မှာ ဒေသခံ ၆၀ လောက်က ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလတုန်းက ဆန္ဒပြတောင်းဆိုခဲ့ကြဖူးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးတို့ နုတ်ထွက်ကြောင်းနဲ့ မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီး ၂ ဦး နုတ်ထွက်ကြောင်းတွေကို သမ္မတရုံးက မနေ့ကနဲ့ ဒီနေ့ ၂ ရက်ဆက်တိုက် ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ရာထူးကနေ နုတ်ထွက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီက မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။