ဧရာဝတီ ဝန်ကြီးချုပ်သစ်ကို တိုင်းလွှတ်တော် အတည်ပြု


2018.01.18
hlamoeaung-622 ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဦးလှမိုးအောင် (မျက်မှန်တပ်ထားသူ)ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - မန်းဂျော်နီ - facebook

လစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးအတွက် နိုင်ငံတော် သမ္မတက အမည်စာရင်း ပေးပို့လာတဲ့ မြန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှမိုးအောင် ကို ဒီကနေ့ လွှတ်တော်က သဘောတူ အတည်ပြုလိုက်ပါတယ်။

ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ စိုက်ပျိုးရေးကဏ္ဍကို အဓိကထားပြီး စီးပွားရေးကို တိုးတက်အောင်လုပ်ဆောင်သွား မယ်လို့ ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့် ဦးလှမိုးအောင်က ပြောပါတယ်။

"ကျနော်တို့ ဧရာဝတီတိုင်းက ပြည်သူတွေ စီးပွားရေးတိုးတက်အောင် လုပ်ကြရမယ်။ စီးပွားရေးတိုးတက်အောင် လုပ်တဲ့နေရာမှာတော့ လမ်းတွေအများကြီး ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့မှာ ရေခံမြေခံ အဆင်သင့်ရှိပြီးသားက လယ်ယာကိုင်းကျွန်းတွေရှိတယ်။ ဒီဟာတွေကနေပြီးတော့ တိုးတက်အောင်၊ အထွက်နှုန်းတွေကောင်းအောင် အရည်သွေးတွေကောင်းအောင် ကြိုးစားမယ်။ ပြည်ထောင်စုမှာလည်း မူဝါဒတွေ ရှိပြီးသားဖြစ်မှာပါ။ ဒီမူဝါဒတွေ ကို ကျနော်တို့က ဖြစ်မြောက်အောင် ဆောင်ရွက်မယ်။ နည်းပညာတွေ ပံ့ပိုးမယ်။ တိုးတက်အောင်လုပ်မယ် ဆိုရင်တော့ စီးပွားရေးတိုးတက်မယ်လို့မြင်တယ်။ ဒါကြောင့်မို့လို့ စိုက်ပျိုးရေးကဏ္ဍကိုတော့ နံပါတ် ၁ ဦးစားပေး ပြီးတော့ ဆောင်ရွက်သွားမှာပါ"

ဦးလှမိုးအောင်ရဲ့ မွေးရပ်ဇာတိဟာ မြန်အောင်မြို့နယ်ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာဘွဲ့ ရရှိထားသူဖြစ်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ရဲ့  စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနဲ့ သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုရေး ၊ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကော်မတီဝင်တစ်ယောက်အနေနဲ့ တာဝန်ယူခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အောင်နိုင်ရေးလူငယ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ အုပ်စုအောင်နိုင်ရေး ဥက္ကဌ၊ NLD အဖွဲ့ချုပ်ရဲ့ မြို့နယ်ကော်မရှင် အဖွဲ့ဝင်၊ ၂၀၁၃ ခုနှစ်မှာ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ၊ ၂၀၁၄ ခုနှစ်မှာ မြို့နယ်တောင်သူလယ်သမားရေးရာ ဥက္ကဌ အနေနဲ့ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။